ညောင်ပင်ကြီးရဲကင်းစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လူနေအိမ်များကို နေ့စဉ်ရက်ဆက် မီးရှို့

By MTO (မဇ္စျိမ)
15 June 2023
ညောင်ပင်ကြီးရဲကင်းစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လူနေအိမ်များကို နေ့စဉ်ရက်ဆက် မီးရှို့

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲကင်းစခန်း တိုက်ခိုက်ခံရပြီးနောက်  ညောင်ပင်ကြီးကျေးရွာအုပ်စုကို စစ်ကောင်စီတပ်က နေ့စဉ်ရက်ဆက် မီးရှို့ဖျက်ဆီးမှုအတွင်း နေအိမ်ပေါင်း ၆၀၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့ပြီဖြစ်ကြောင်း ဆားလင်းကြီး မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထံမှ သိရသည်။

ညောင်ပင်ကြီးကျေးရွာ ရဲကင်းစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့ များက ဇွန်လ ၉ ရက်နေ့ ညနေပိုင်းတွင် တိုက်ခိုက်သိမ်းယူပြီးနောက် စစ်ကောင်စီတပ်က ဇွန်လ ၉ ရက်နေ့ မှ ယနေ့ ဇွန်လ ၁၅ ရက်နေ့အထိ နေ့စဉ်ရက်ဆက် မီးရှို့ဖျက်ဆီးနေရာ ညောင်ပင်ကြီး၊ နှင်းတော၊ သိမ်တော်၊ ဘုရားသုံးဆူ၊ ရွာရှည် စသည့် ကျေးရွာများအပါအဝင် ကျေးရွာ ခြောက်ခုမှ နေအိမ်များ မီးလောင်ဆုံးရှုံးသွားကြောင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်.

၎င်းက “ မီးရှို့ခံရတဲ့ အိမ်ခြေက ၅၀၀ ကျော် ၆၀၀ နီးပါးလောက်ရှိသွားပြီ စာရင်းကတော့ အတိအကျကောက်လို့ မရသေးဘူး၊ အနားကို ကပ်လို့ မရသေးဘူးဖြစ်နေတာ “ ဟု ပြောသည်။

စစ်ကောင်စီတပ်၏ နေ့စဉ်ရက်ဆက်မီးရှို့ဖျက်ဆီးမှုကြောင့် ညောင်ပင်ကြီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ပြည်သူ ၇,၀၀၀ နီးပါးလောက်အထိ စစ်ရှောင်နေရပြီး စစ်ရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာလိုအပ်ချက်များရှိနေကြာင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

“ ဒီကနေ့ (ဇွန်လ ၁၅ ရက်နေ့)အချိန်အထိ စစ်ရှောင်ဦးရေ ၇,၀၀၀ နီးပါးလောက်အထိရှိလာပြီး အဓိက တော့ ဆန်၊ ဆီ စားနပ်ရိက္ခာများ လိုအပ်နေတယ်” ဟု ဆားလင်းကြီး ပအဖ မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် စစ်ဘေးရှောင်စခန်းများဘက်သို့ လက်နက်ကြီးများဖြင့်ရမ်းသန်းပစ်ခတ်မှုများ ရှိနေသည့်အတွက် စစ်ရှောင်ပြည်သူများအတွက် အတည်တကျ ချက်ပြုတ်ကျွေးမွေးဖို့ အခက်အခဲများ ရှိနေသည့်အတွက် စစ်မရှောင်ရသေးသည့် ကျေးရွာများမှ ပြည်သူများက စစ်ဘေးရှောင်ပြည်သူများထံ ထမင်းထုပ်များ ပို့ဆောင်ပေးနေရသည့် အခြေအနေဖြစ်ကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်က ဆိုသည်။

ယင်းအပြင် စစ်ကောင်စီတပ်ဖွဲ့သည် ပြည်သူများကို ဖမ်းဆီးခေါ်ဆောင်ပြီးနောက် ညောင်ပင်ကြီးရဲစခန်း ပြန်လည်တည်ဆောက်နေသည့် နေရာတွင် အလုပ်ကြမ်းခိုင်းစေခြင်းများကိုပါ ဆောင်ရွက်နေကြောင်း ဆိုသည်။

“ပြည်သူတွေကိုဖမ်းပြီးတော့  ခြံစည်းရိုးခတ်တဲ့နေရာတွေမှာ အုတ်သယ်ခိုင်းတာမျိုးတွေ အင်္ဂတေတွေ ထမ်းခိုင်းတာမျိုးတွေ စသဖြင့် အလုပ်ကြမ်း လုပ်ခိုင်းတာတွေရှိတယ်" ဟု ပြောသည်။

ညောင်ပင်ကြီးရဲစခန်း တိုက်ခိုက်ခံရမှုအတွင်း စစ်ကောင်စီတပ်ဖက်တွင် ၁၂ ဦးထက်မနည်းသေဆုံးပြီး  လက်နက် ခုနစ်လက် နှင့် ခဲယမ်းများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက သိမ်းယူသွားသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့သည် ညောင်ပင်ကြီး ကျေးရွာအုပ်စုကို အငြိုးတကြီးဖြင့် ဖျက်ဆီးနေခြင်းလည်းဖြစ်သည်။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required