ဆိုင်ကယ်အရောင်းဆိုင်မရှိဘဲ အွန်လိုင်းတွင် ဆိုင်ကယ်ရောင်းချပြီး ငွေကြေးလိမ်လည်နေ

By JC (မဇ္ဈိမ)
15 June 2023
ဆိုင်ကယ်အရောင်းဆိုင်မရှိဘဲ အွန်လိုင်းတွင် ဆိုင်ကယ်ရောင်းချပြီး ငွေကြေးလိမ်လည်နေ

ရွှေတောင်မြို့၌ ဆိုင်ကယ်အရောင်းဆိုင် အမှန်တကယ်မရှိဘဲ ဖေ့စ်ဘုတ်တွင် ဆိုင်ကယ်နှင့် တပတ်ရစ်ဖုန်း များရောင်းချသည့်ပို့စ်များတင်ကာ ငွေကြေးလိမ်လည်မှုများ ရှိနေသည်။ 

ဖေ့စ်ဘုတ်တွင် “ကိုမြတ်သူ ဆိုင်ကယ် အာမခံ ရောင်းဝယ်ရေး” ၊ “Mobile Star ဖုန်း Second ရောင်း ဝယ်ရေး” ပေ့ချ်များနှင့် TitTok ၌ “ကိုမြတ်သူ” ဆိုသည့်အကောင့်များဖွင့်ကာ ဆိုင်ကယ်နှင့် ဖုန်းများ ရောင်းဝယ်နေသည့် ပေ့ချ်များရှိနေသည်။ 

“ကိုမြတ်သူ ဆိုင်ကယ် အာမခံ ရောင်းဝယ်ရေး” စာမျက်နှာတွင် စောင့်မျှော်ကြည့်ရှုသူ ၁၆,၀၀၀ ကျော်ရှိ ပြီး “Moblie Star ဖုန်း Second ရောင်းဝယ်ရေး” စာမျက်နှာ၌ စောင့်မျှော်ကြည့်ရှုသူ ၂,၇၀၀ ကျော်ရှိ သည်။ “ကိုမြတ်သူ” TitTok တွင် ကြိုက်နှစ်သက်သူ ၁၆၇,၅၀၀ ကျော်ရှိသည်။ ထို့ပြင် “Myat Thu Aung” နှင့် “Ko Myat Thu” ဖေ့စ်ဘုတ်အကောင့်များတွင်လည်း ဖုန်းများရောင်းဝယ်ကြောင်း ဖော်ပြထားသည်။

ဖော်ပြပါ ဖေ့စ်ဘုတ်စာမျက်နှာများနှင့် TitTok တို့အားလုံးတွင် ပဲခူးတိုင်း၊ ရွှေတောင်မြို့၊ ထန်းကုန်းလမ်း ကြားဟုလိပ်စာဖော်ပြထားပြီး 09690918012 ဖုန်းနံပါတ်ဖြင့် အရောင်းပို့စ်များ တင်ထားသည်။

ဆိုင်ကယ်အရောင်းပို့စ်များအောက်တွင် ဆိုင်ကယ်များ ဈေးတန်ကြောင်း၊ သန့်ကြောင်းနှင့် နယ်မြို့များသို့ ပို့ပေးနိုင်မလား၊ လိုင်စင်ပါလား၊ ရှိသေးလား စသဖြင့်မေးထားသည်ကို တွေ့ရသည်။

မဇ္ဈိမအနေဖြင့် အချက်အလက်စိစစ်ခဲ့ရာတွင် ရွှေတောင်မြို့၌ ထန်းကုန်းလမ်းဟုမရှိဘဲ ထန်းကုန်းကျေး ရွာသာရှိပြီး အဆိုပါ ကျေးရွာအနီးတွင်လည်း ဆိုင်ကယ်ဆိုင်နှင့် ဖုန်းဆိုင် ကြီးကြီးမားမားမရှိကြောင်း ဒေသခံများက ပြောသည်။

ထို့ပြင် မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများက ကိုမြတ်သူဆိုင်ကယ်ရောင်းဝယ်ရေးနှင့် Mobile Star ဖုန်း Second ရောင်းဝယ်ရေး ဖေ့စ်ဘုတ်စာမျက်နှာတွင်ဖော်ပြထားသည့် ဖုန်းနံပါတ်အားဆက်သွယ်ပြီး ဆိုင် လိပ်စာအားမေးမြန်းရာတွင် ရန်ကုန်-ပြည်လမ်းဘေးတွင်ရှိသည့် ထန်းကုန်းလမ်းဟုပြောသော်လည်း ရေရေရာရာ တိတိကျကျ ပြန်လည်ဖြေကြားခြင်းမရှိဘဲ viber သို့ ဆက်သွယ်ပေးရန်သာ ပြောသည်။

“ရွှေတောင်မှာ အကုန်လုံးလိုက်ပြီး စုံစမ်းကြည့်တာတော့ ထန်းကုန်းဘက်မှာ အဲဒီလို ဆိုင်ကယ်အကြီး ကြီးတွေမရှိပါဘူး။ ရွှေတောင်မှာလည်း မရှိဘူး။ လုပ်စား လိမ်စားနေတဲ့ ပေ့ချ်တွေပေါ့နော်။ ထန်းကုန်း နားမှား အဲဒီဆိုင်ကယ်ဆိုင်မရှိဘူးဆိုတာ ထန်းကုန်းနယ်သားတွေကိုယ်တိုင်ပြောတာ။ ဒီရက်ပိုင်း အဲဒါက ဂယက်တော်တော်ရိုက်နေတယ်” ဟု ရွှေတောင်ဒေသခံတစ်ဦးက ပြောသည်။

ကိုမြတ်သူ ဆိုင်ကယ်ရောင်းဝယ်ရေးနှင့် second ဖုန်းရောင်းဝယ်ရေးတွင်ဖော်ပြထားသည့် 09690918012 ဖုန်းနံပါတ်မှာ KBZ Pay တွင် U THU REIN HLAING ဟု အမည်ပေါက်ပြီး Wave Pay တွင် Zin Mar Htwe ဟု အမည်ဖြင့်တွေ့ရသည်။ 

ထိုပေ့ချ်တွင်ဖော်ပြထားသည့် ဆိုင်ကယ်ဈေးနှုန်းများသည် ပေါက်ဈေးထက် ဈေးသက်သာသဖြင့် ဝယ်ယူ လိုသူများက စရန်ငွေကြိုလွှဲပြီး ဆုံးရှုံခဲ့ရသည်များရှိကြောင်း ဒေသခံတဦးကပြောသည်။

“မြဝတီတိုက်ရိုက်သွင်း ဘာညာဆိုပြီးလုပ်စားနေကြတာအများကြီးပဲ၊ အရမ်းလိမ်နေကြတာ။ သိန်း ၆၀ ပေါက်တဲ့ဆိုင်ကယ်ကို သိန်း ၅၀ လောက်နဲ့ရောင်းတော့ တချို့တွေပါသွားကြတယ်။ K Pay ကနေ စရန်လွှဲ ထား၊ ဆိုင်ကယ်ဖိုးကို ဂိတ်ရောက်မှအပြည့်လွှဲရမယ်ဆိုလို့ စရန်လည်းလွှဲလိုက်ရော ပါသွားကြရော” ဟု ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

ဆိုင်ကယ်ဝယ်ရောင်းလုပ်နေသည့် ရွှေတောင်မြို့ခံတဦးကလည်း “ကိုမြတ်သူ ဆိုင်ကယ်ရောင်းဝယ်ရေး” ပေ့ချ်တွင်တင်ထားသည့် ဆိုင်ကယ်ဈေးနှုန်းများသည် ပြင်ပပေါက်ဈေးထက် သိန်း ၂၀ ခန့် ဈေးသက်သာ နေပြီး အမှန်တကယ်မရှိသည့် လူလိမ်ပေ့ချ်သာဖြစ်ကြောင်း ပြောသည်။

“ကိုမြတ်သူ ဆိုင်ကယ် အာမခံ ရောင်းဝယ်ရေး”တွင် ဖော်ပြထားသည့် ပို့စ်တခု၌ပါဝင်သော ဖေ့စ်ဘုတ် အသုံးပြုသူတဦးအား မဇ္ဈိမကဆက်သွယ်မေးမြန်းခဲ့သည်။ 
၎င်းသည် ဇွန်လ ၄ ရက်နေ့တွင် Wave Pay မှ တဆင့် ဆိုင်ကယ်ဖိုး စရန်ငွေတစ်သိန်းခွဲလွှဲပြီးနောက် ကိုယ်တိုင်ဆိုင်ကယ်လာယူမည်ဟုဆိုကာ ဖော်ပြထားသည့်လိပ်စာအတိုင်းသွားခဲ့သည်။ သို့သော် ဖော်ပြပါ နေရာသို့ရောက်သော်လည်း  ဆိုင်ကိုမတွေ့ရကြောင်းနှင့် ထိုရက်မှစ၍ အဆိုပါပေ့ချ်သည် ၎င်းကို ဖေ့စ် ဘုတ်တွင် သာမက ဖုန်းနံပါတ်ကိုပါ  block သွားသဖြင့် ဆက်သွယ်၍ မရခဲ့ကြောင်း ပြောသည်။

“ကျနော်တို့က သူပြောတဲ့လိပ်စာအတိုင်း လိုက်ကြည့်တာ။ အဲဒီနားရောက်လည်းရောက်ရော အနားက လူတွေကိုမေးကြည့်လိုက်တာ အကို အလိမ်ခံလိုက်ရပြီတဲ့။ အဲဒီလိုမေးမေးပြီးလာတဲ့လူတွေ မနည်းတော့ ဘူး အကို့အရင်လေးငါးယောက်ရှိပြီတဲ့။ အဲဒီလိုဆိုင်မျိုး သူတို့လမ်းထဲမရှိဘူးတဲ့။ နယ်ခံတွေ အဲဒီလိုပြော မှပဲ ကျနော် ပြန်လာလိုက်ရတယ်” ဟု ငွေလိမ်ခံလိုက်ရသူတစ်ဦးက မဇ္ဈိမ ကိုပြောသည်။ 

ထို့ကြောင့် ကိုမြတ်သူအမည်ဖြင့် ဆိုင်ကယ်အရောင်းဆိုင်နှင့် ဖုန်းဆိုင်သည် ရွှေတောင်မြို့တွင် အမှန် တကယ်မရှိဘဲ ၎င်းတို့ပေ့ချ်တွင် ဖော်ပြထားသည့် ဖုန်းနံပါတ် 09690918012  (K pay-U THU REIN HLAING) သည် လိမ်လည်နေခြင်းသာဖြစ်သည်။ 

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။   ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly