စစ်တပ်ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်မည်ဟု ကမ္ဘောဒီးယား ဝန်ကြီးချုပ် ကတိပြု

By The Phnompenh Post
14 June 2023
စစ်တပ်ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်မည်ဟု ကမ္ဘောဒီးယား ဝန်ကြီးချုပ် ကတိပြု
Photo-AFP

ကမ္ဘောဒီးယား လက်နက်ကိုင်တပ်များ၏ စွမ်းဆောင်ရည် ခိုင်မာအားကောင်းရေးနှင့် အခြားသော အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်စွမ်း ရှိရေးအတွက် ပြုပြင်ပြောင်းလဲမှုကို အစိုးရက ဦးစားပေးအဖြစ် ထားရှိထားသည်။

ဇွန် ၁၂ ရက်က တပ်မဟာ( ၇၀ )ထူထောင်မှု ၂၉ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် မိန့်ခွန်းပြောရာ၌ ဝန်ကြီးချုပ် ဟွန်ဆန်က အစိုးရအနေဖြင့် စစ်တပ်၏ စွမ်းဆောင်ရည်ကို ခိုင်မာအားကောင်းစေရေး ပြုပြင်ပြောင်းလဲမှု စီမံကိန်းများအား ဆက်လက်အကောင်အထည် ဖော်သွားမည်ဖြစ်၍ စစ်တပ်အနေဖြင့် ပို၍ ထိရောက်စွာ တာဝန်များ ထမ်းဆောင်နိုင်မည် ဖြစ်ကြောင်း ကြေညာခြင်း ဖြစ်သည်။

“လက်နက်ကိုင်တပ်တွေရဲ့ တပ်ရင်းအသီးသီး ခိုင်မာအားကောင်းပြီး ပူးပေါင်းဆောင်ရွက်မှု စွမ်းရည် မြင့်မားရေးအတွက် အစိုးရရဲ့ အထောက်အပံ့ဟာ ဦးစားပေးအဖြစ် ရှိနေတယ်”ဟု ဟွန်ဆန်က ဆိုသည်။

“ဒါဟာ ဦးစားပေး အရေးကြီးပါတယ်၊ စစ်တပ်ဟာ ဘုရင့်တိုင်းပြည်ရဲ့ ပိုင်နက်ဂုဏ်သိက္ခာကို ကာကွယ်နေရုံသာမက လူသားချင်း စာနာထောက်ထားရေး လုပ်ငန်းတွေမှာ ပါဝင်နေသလို ကုလသမဂ္ဂနဲ့အတူ ငြိမ်းချမ်းရေး ထိန်းသိမ်းသူများအဖြစ်ပါ ထမ်းရွက်နေတာ ဖြစ်တယ်”ဟု ၎င်းက ထပ်လောင်း ပြောသည်။

ကမ္ဘောဒီးယား လက်နက်ကိုင်တပ်များ၏ ရှားပါးပြတ်လပ်မှုနှင့် သင်ကြားရေး အခက်အခဲများကို ဖြေရှင်းနိုင်ရေးအတွက် ထည့်ဝင်ထောက်ပံ့မှုများ ပြုလုပ်ကြရန်လည်း အလှူရှင်များနှင့် မိတ်ဖက်များကို ဟွန်ဆန်က မေတ္တာရပ်ခံသည်။

ကမ္ဘောဒီးယားသည် စွမ်းဆောင်ရည်မြင့် စစ်တပ်အတွက် လိုအပ်မှုများ ရှိနေဆဲ ဖြစ်ပြီး အထူးသဖြင့် အိုမင်းသော စစ်ပြန်အငြိမ်းစားများအတွက် ဖြစ်ကြောင်း Mekong Centre for Strategic Studies of Asian Vision Institute မှ သုတေသီတစ်ဦးက ပြောသည်။ ငြိမ်းချမ်းရေး ရှိနေလင့်ကစား ဘုရင့်တိုင်းပြည်ရှိ စစ်သားများအနေဖြင့် ၎င်းတို့၏ စွမ်းရည်များ တိုးတက်ထက်မြက်ရန် လိုအပ်လျက် ရှိသည်။

“ကမ္ဘောဒီးယားဟာ စစ်ရေးအကူအညီ၊ သင်တန်းတွေနဲ့ စစ်ပစ္စည်းတွေ လိုအပ်နေတယ်၊ ဒါကြောင့်ပဲ နိုင်ငံခြား မိတ်ဖက်တွေနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်မြှင့်ဖို့ လိုအပ်နေတာပဲ၊ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ လိုအပ်နေတာပဲ၊ ဒါမှပဲ အခြားနိုင်ငံတွေရဲ့ အတွေ့အကြုံတွေကို ဖလှယ်နိုင်မှာ ဖြစ်တယ်”ဟု ၎င်း သုတေသီက ပြောခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

https://www.phnompenhpost.com/national/government-committed-reforming-ki...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly