ခင်ဦးတွင် စစ်ကြောင်းကို မိုင်းဆွဲပြီး ပြန်လည်ဆုတ်ခွာစဥ် မိုင်းမတော်တဆဖြစ်၍ ကာကွယ်ရေးတပ်ဖွဲ့၀င် ၆ ဦး ဒဏ်ရာရ 

By ရောင်နီ (မဇ္စျိမ)
14 June 2023
ခင်ဦးတွင် စစ်ကြောင်းကို မိုင်းဆွဲပြီး ပြန်လည်ဆုတ်ခွာစဥ် မိုင်းမတော်တဆဖြစ်၍ ကာကွယ်ရေးတပ်ဖွဲ့၀င် ၆ ဦး ဒဏ်ရာရ 

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်ပူးပေါင်းစစ်ကြောင်းကို မိုင်းဆွဲပြီး ပြန်လည်ဆုတ်ခွာစဥ် မိုင်းမတော်တဆပေါက်ကွဲမှု ဖြစ်ပွားခဲ့၍ ကာကွယ်ရေးတပ်ဖွဲ့၀င် ရဲဘော်ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ 

ခင်ဦးမြို့နယ် မကျီးတုံပျူရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်း စစ်ကြောင်းသည် ဇွန်လ ၁၃ ရက်နေ့က ကံသစ်ကျေးရွာဘက်သ်ို့ဦးတည်ထွက်ခွာလာရာ ခင်ဦးမြို့နယ်အထွက် ဆီပန့်ဆိုင်အနီးတွင် ရွှေဘိုခရိုင် အမှတ် (၂၂) တပ်ရင်းက ယင်းနေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန်တွင် မိုင်းသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

“ မိုင်း သုံးလုံးနဲ့ ဆွဲပြီး တိုက်ခိုက်တာ ဖြစ်ပါတယ်။ စစ်ကြောင်းမှာပါတဲ့ ကားတစ်စီးကတော့ စုတ်ပြတ်သွားတယ်။ ဒဏ်ရာရတဲ့သူ ဘယ်နှစ်ယောက်ရှိလဲဆိုတာတော့ မသိလိုက်ရဘူး” ဟု ရွှေဘိုခရိုင် အမှတ် (၂၂) တပ်ရင်း ပြန်ကြားရေးတာ၀န်ရှိသူက မဇ္စျိမကို ပြောသည်။ 

မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ် စစ်ကြောင်းမှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများရှိခဲ့သည့်အတွက် ကာကွယ်ရေးတပ်ဖွဲ့၀င် ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။ 

ထိုသို့ ဆုတ်ခွာစဥ် ကာကွယ်ရေးတပ်ထောင်ထားခဲ့သည့် ကျန်ရှိမိုင်းများရှော့ဖြစ်ပေါက်ကွဲရာမှာတစ်ဆင့် ရဲဘော်များ ထိခိုက်ဒဏ်ရာရရှိခဲ့ကြခြင်း ဖြစ်သည်။

“စစ်သားတွေကို မိုင်းဆွဲပြီး ပြန်ဆုတ်ခွာရာမှာ ကိုယ်တွေထောင်ထားတဲ့ မိုင်းတွေက အနှုတ်ဘက်မှာ ရှော့ဖြစ်ပြီး ခုနစ်လုံးဆက်တိုက် တန်းကွဲသွားတာ။ ကိုယ်တွေကလည်း အုပ်စုလိုက်ဆုတ်မိတော့ အကုန်ထိကုန်တာ” ဟု တပ်ဖွဲ့တာ၀န်ရှိသူက ဆိုသည်။ 

စစ်ကောင်စီတပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရန်  ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် ခုနစ်ဦး ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး မိုင်းမတော်တဆ ပေါက်ကွဲမှုတွင် ရဲဘော် ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

“ မိုင်းမတော်တဆမှုဖြစ်စဥ်မှာ ခြောက်ယောက်ထိတယ်။ အဲ့အထဲက သုံးယောက်က အတော်ဆိုးတယ်။  ကိုယ်အစိတ်အပိုင်းတွေ စိုးရိမ်စရာရှိပါတယ်။ ဆေးကုသဖို့လည်း လတ်တလောမှာ အခက်ခဲတွေ ရှိနေပါတယ်” ဟု ရွှေဘိုခရိုင် အမှတ် (၂၂) တပ်ရင်း ပြန်ကြားရေးတာ၀န်ရှိသူက ပြောသည်။ 

မိုင်းမတော်တဆမှုဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရသူများကို လက်ရှိအချိန်တွင် တပ်ရင်းက ဆေး၀ါးကုသမှုအချို့ ပြုလုပ်ပေးထားကြောင်း သိရသည်။ 

သို့သော်  စိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာရရှိသူများကို ဆက်လက်ဆေးကုသမှုများ ပြုလုပ်ရန် အလှူငွေများ လိုအပ်လျက်ရှိသည့်အတွက် ၀ိုင်း၀န်းကူညီပေးကြရန်လည်း တိုက်တွန်းထားသည်။ 

ကာကွယ်ရေးတပ်ဖွဲ့၏ မိုင်းဆွဲတိုက်ခိုက်မှုခံခဲ့ရသည့် စစ်ကြောင်းသည် လက်ရှိအချိန်တွင် ခင်ဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီး အင်အား ၁၈၀ ခန့်ဖြင့် မြို့အတွင်းရှိ နေရာများတွင် ဖြန့်ကြက်တပ်စွဲ နေရာယူထားကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း-သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required