ကမ္ဘာတစ်ဝန်း အတင်းအကျပ် နေရပ်စွန့်ခွာခဲ့ရသူဦးရေ စံချိန်တင် သန်း ၁၁၀ အထိ ရှိဟု ကုလ ပြော

ကမ္ဘာတစ်ဝန်း အတင်းအကျပ် နေရပ်စွန့်ခွာခဲ့ရသူဦးရေ စံချိန်တင် သန်း ၁၁၀ အထိ ရှိဟု ကုလ ပြော
Photo-AFP

ကမ္ဘာတစ်ဝန်း၌ လက်ရှိအချိန်တွင် အတင်းအကျပ် နေရပ်စွန့်ခွာခဲ့ကြရသူဦးရေသည် စံချိန်တင် သန်း ၁၁၀ အထိ ရှိနေကြောင်း ကုလသမဂ္ဂက ဇွန်လ ၁၄ ရက်တွင် ထုတ်ပြန်သည်။ ယင်းသည် ကြီးကြီးမားမား တစ်ရှိန်ထိုးတက်သည့် ကိန်းဂဏန်းဖြစ်သည်ဟုလည်း ဆိုသည်။

ယူကရိန်းအပေါ် ရုရှား ကျူးကျော်စစ်ဆင်နွှဲမှု၊ ဆူဒန်ရှိ တိုက်ပွဲများနှင့် အာဖဂန်နစ္စတန်တို့မှ ဒုက္ခသည်များ ထွက်ပြေးကြရမှုတို့ကြောင့် မိမိတို့၏ သက်ဆိုင်ရာနိုင်ငံများအတွင်းမှာပင် နေရပ်စွန့်ခွာကြရသူများနှင့် ပြည်ပ၌ ခိုလှုံရန် မဖြစ်မနေ တောင်းခံကြိုးပမ်းကြရသည့် ဒုက္ခသည်များ၏ စုစုပေါင်း အရေအတွက်ကို မကြုံစဖူး လယ်ဗယ်တစ်ခုသို့ ရောက်ရှိစေခဲ့ခြင်း ဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီ (UNHCR )က ပြောသည်။

ယမန်နှစ်ကုန်အထိ လူပေါင်း ၁၀၈ ဒသမ ၄ သန်းခန့် နေရပ်စွန့်ခွာခဲ့ကြရသည်ဟု UNHCR က ယင်း၏ နှစ်စဉ် ထုတ်ပြန်နေကျ အစီရင်ခံစာတွင် ဖော်ပြသည်။

ယခု ကိန်းဂဏန်းက ၂၀၂၁ နှစ်ကုန်ကထက် ၁၉ ဒသမ ၁ သန်း ပိုများလာခဲ့ခြင်း ဖြစ်ပြီး ယင်းသည် မှတ်တမ်းများကို ၁၉၇၅ တွင် စတင်ကောက်ယူခဲ့ပြီးနောက်ပိုင်း အကြီးမားဆုံးသော တိုးပွားမှုလည်း ဖြစ်သည်။

ဆူဒန် ပဋိပက္ခ ပေါက်ကွဲဖြစ်ပေါ်မှုက နောက်ထပ် နေရပ်စွန့်ခွာရမှုများကို ဖြစ်စေခဲ့သည့်အတွက် ကမ္ဘာတစ်ဝန်း နေရပ်စွန့်ခွာရသူဦးရေ စုစုပေါင်းမှာ မေလကုန်တွင် သန်း ၁၁၀ ခန့်အထိ ရောက်လာခြင်း ဖြစ်သည်။

“ပဋိပက္ခ၊ ဖိစီးနှိပ်စက်မှု၊ ခွဲခြားဆက်ဆံခံရမှုနဲ့ အကြမ်းဖက်မှုတို့ အပြင် တစ်ခါတစ်ရံ အထူးသဖြင့် ရာသီဥတု ပြောင်းလဲမှုရဲ့ သက်ရောက်မှုလိုမျိုး အခြားအကြောင်းရင်းတွေကြောင့် ကျွန်တော်တို့ ကမ္ဘာကြီးမှာ ခုချိန်မှာ လူ သန်း ၁၁၀ ဟာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရတယ်” ဟု UNHCR အကြီးအကဲ ဖိလစ်ပို ဂရန်ဒီက ဂျီနီဗာရှိ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

Record 110 million people now forcibly displaced: UN
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly