မုန်တိုင်းသင့်ဒေသသို့ လူသားချင်း စာနာထောက်ထားရေး အကူအညီ ပြန်လက်ခံရန် ကုလသမဂ္ဂ တိုက်တွန်း

မုန်တိုင်းသင့်ဒေသသို့ လူသားချင်း စာနာထောက်ထားရေး အကူအညီ ပြန်လက်ခံရန် ကုလသမဂ္ဂ တိုက်တွန်း
Photo-AFP

မြန်မာအာဏာပိုင်များအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် နိုင်ငံ၌ လူသားချင်း စာနာထောက်ထားရေး အကူအညီများ ပေးပို့ခွင့် ပြန်လည်ခွင့်ပြုရန် ကုလသမဂ္ဂက တိုက်တွန်းပြီး အသက်ကယ် အကူအညီများကို နှောင့်နှေးလေးဖင့်အောင် လုပ်ဆောင်နေသည်ဟု မြန်မာအာဏာပိုင်များကို စွပ်စွဲပြစ်တင်သည်။

“အကူအညီ ပေးပို့ခွင့်ကို ဆိုင်းငံ့ထားတဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြီး စဉ်းစားသုံးသပ်ဖို့ စစ်ကောင်စီကို ကျွန်တော်တို့ တိုက်တွန်းတယ်၊ အကူအညီတွေ ဖြန့်ဝေရေးနဲ့ သယ်ယူပို့ဆောင်ရေး အစီအစဉ်တွေအတွက် ကနဦးက ခွင့်ပြုထားတာကို ပြန်လည်ခွင့်ပြုပေးဖို့ တိုက်တွန်းတယ်”ဟု လူသားချင်း စာနာထောက်ထားရေး ညှိနှိုင်းဆောင်ရွက်မှုဆိုင်ရာ ကုလသမဂ္ဂရုံး( OCHA )မှ ပြောခွင့်ရသူက ယန်း လာကီက ဂျီနီဗာရှိ ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်း ရခိုင်ပြည်နယ်၌ တိုက်ခတ်ပြီး တစ်လအကြာတွင် စစ်ကောင်စီက လူသားချင်း စာနာထောက်ထားရေး အကူအညီများ ပေးပို့ခွင့်ကို ဆိုင်းငံ့ထားခြင်း ဖြစ်သည်။

ယင်း ဆုံးဖြတ်ချက်သည် အသက်ကယ် စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ ခိုလှုံနေရာနှင့် အခြား ကယ်ဆယ်ရေး ပစ္စည်းများ ပေးပို့ဖြန့်ဝေရေးတွင် အလွန်အကျွံ နှောင့်နှေးကြန့်ကြာစေရုံသာမက သီတင်းပတ်နှင့် လပိုင်းအတွင်း ရခိုင်ပြည်နယ်သို့ ရောက်ရှိရန် စီစဉ်ထားသော လူသားချင်း စာနာထောက်ထားရေး အကူအညီများ မရရှိနိုင်တော့သည့် ပြည်သူတစ်သန်းကျော်အတွက် “အခြေအနေ ပိုမိုဆိုးဝါးစေသည်”ဟု ယန်း လာကီက ပြောသည်။

“မေ ၁၄ ရက်က ဆိုင်ကလုန်းတိုက်ခိုက်ချိန်ကစပြီး ရခိုင်မှာ ရေရှည်လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေကို အကန့်အသတ်နဲ့ ခွင့်ပြုပေးတာကြောင့် လူသားချင်း စာနာထောက်ထားရေး အကူအညီတွေ ကနဦးက ပေးပို့နိုင်ခဲ့တာ ဖြစ်တယ်”ဟု ၎င်းက ထပ်လောင်း ပြောဆိုသည်။

ယင်းအချိန်အတွင်း ပြည်သူပေါင်း ၁၁၀,၀၀၀ နီးပါးသည် ခိုလှုံနေရာနှင့် အခြား အကူအညီ ပစ္စည်းများ ရရှိကြပြီး စားနပ်ရိက္ခာ အကူအညီက ရခိုင်ပြည်နယ်တစ်ခုတည်းမှာတင် လူပေါင်း ၃၀၀,၀၀၀ နီးပါးထံ ရောက်ရှိခဲ့ကြောင်း ၎င်းက ပြောသည်။

သို့ရာတွင် စစ်ကောင်စီသည် ထိုသို့ ခွင့်ပြုပေးခြင်းကို လက်ရှိ၌ ပြောင်းလဲပစ်လိုက်ကြောင်း ၎င်းက ဆိုသည်။

ချင်းပြည်နယ်တွင်လည်း အကူအညီ ဖြန့်ဝေမှုနှင့် သယ်ယူပို့ဆောင်ရေးများ ရပ်နားထားရသည်ဟု ၎င်းက ဖြည့်စွက်ပြောသည်။

ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေး ညှိနှိုင်းရေးမှူး ရာမာနတ်သန် ဘလာခရစ်ရှနန်က ယခုကဲ့သို့ အကူအညီများ ငြင်းပယ်ခြင်းသည် “ဉာဏ်တိမ်လွန်းသည်”ဟု ပြောဆိုထားကြာ စားနပ်ရိက္ခာ ဖူလုံဖူနှင့် ရေကြောင့်ဖြစ်သော ရောဂါများ ဖြစ်ပွားလာမည့် ဘေးများနေသည်ကို သတိပေးထားကြောင်း ၎င်းက ကိုးကားပြောဆိုသည်။

မေ ၁၄ ရက်က မိုခါဆိုင်ကလုန်း မုန်တိုင်းသည်ဟု ဘင်္ဂလားဒေ့ရှ်၊ ကော့ဘဇားနှင့် မြန်မာ၊ ကျောက်ဖြူမြို့ကြား ဖြတ်သန်းတိုက်ခတ်သွားခဲ့ခြင်း ဖြစ်သည်။

(မိုးသဲ ဘာသာပြန်သည်။)

https://www.aa.com.tr/en/europe/un-urges-authorities-in-myanmar-to-resto...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required