တော်လှန်ရေးအင်အားစုများကို နေအိမ်တိုက်ခန်း ငှားရမ်းပါက နိုင်ငံပိုင်အဖြစ် သိမ်းဆည်းမည်ဟု စစ်ကောင်စီထုတ်ပြန် 

By ဂန္ဒမာ (မဇ္ဈိမ)
13 June 2023
တော်လှန်ရေးအင်အားစုများကို နေအိမ်တိုက်ခန်း ငှားရမ်းပါက နိုင်ငံပိုင်အဖြစ် သိမ်းဆည်းမည်ဟု စစ်ကောင်စီထုတ်ပြန် 

တော်လှန်ရေးအင်အားစုများကို နေအိမ်တိုက်ခန်း ငှားရမ်းပါက နိုင်ငံပိုင်အဖြစ် သိမ်းဆည်းသွားမည်ဟု ဇွန်လ ၁၂ ရက်တွင် စစ်ကောင်စီက ထုတ်ပြန်သည်။

နေအိမ်တိုက်ခန်းပိုင်ရှင်များအနေဖြင့် အိမ်ငှားများ၏ ကိုယ်ရေးအချက်အလက်နှင့် အထောက်အထားများကို ရယူရမည်ဖြစ်ပြီး တော်လှန်ရေးတွင် ပါဝင်သူများကို ငှားရမ်းပါက ချိပ်ပိတ်သိမ်းဆည်းသွားမည်ဖြစ်သည်ဟု ဖော်ပြထားသည်။

အဆောင်၊ နေအိမ် ၊ တိုက်ခန်းပိုင်ရှင်များအနေဖြင့် အိမ်ငှား၏ ကိုယ်ရေးအချက်အလက်များကို ရယူပြီးပါကလည်း သက်ဆိုင်ရာရပ်ကွက် ၊ ကျေးရွာအုပ်ချုပ်ရေးရုံးများတွင် ကိုယ်တိုင်ကိုယ်ကျ ဧည့်စာရင်းတိုင်ကြားခြင်းကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပါရှိသည်။

တော်လှန်ရေးတွင် ပါဝင်လှုပ်ရှားသူများအနေဖြင့် ၎င်းတို့အား အလွယ်တကူခြေရာမခံမိစေရန် အဆောင်များနှင့် နေအိမ်တိုက်ခန်းများတွင် ငှားရမ်းနေထိုင်မှု ပြုလုပ်ခြင်းကို ဖမ်းဆီးရမိသည့်ဖြစ်စဉ်များအရ တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အကယ်၍ ငှားရမ်းနေထိုင်သူမှာ တော်လှန်ရေးတွင်ပါဝင်သူဖြစ်ပါက ၎င်းအား စစ်ကောင်စီဘက်မှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူ ဆောင်ရွက်သည့်အချိန်တွင် ငှားရမ်းထားသည့် နေအိမ် တိုက်ခန်းများကို အမှုနှင့်ဆက်စပ်၍ သက်သေခံအဖြစ် သိမ်းဆည်းကာ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူမည်ဖြစ်ကြောင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က အသိပေးထုတ်ပြန်ထားခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။

“အိမ်ပိုင်ရှင်တွေအနေနဲ့ သန်းနဲ့ချီတဲ့လူတွေကို ဘယ်သူကPDF ၊ ဘယ်သူကUGပါဆိုပြီး အားလုံးသိဖို့ဆိုတာ မဖြစ်နိုင်ဘူး။ မြို့ပြတော်လှန်ရေးအင်အားစုတွေကို ဒီကိစ္စလောက်နဲ့ ဘာမှ ကြီးကြီးမားမားထိခိုက်ပြီး ပြောင်းလဲမှာမဟုတ်ဘူး ။ အားလုံးက ကိုယ်လုပ်စရာရှိတာ ဆက်လုပ်နေမှာပဲ ။ အရင်အတိုင်းပဲ မြို့ပြမှာ မစ်ရှစ်တွေများစွာ ရှိနေဦးမှာဖြစ်တယ်"ဟု တော်လှန်ရေးအင်အားစုအဖွဲ့ဝင်တစ်ဦးက ပြောသည်။

လတ်‌တလောတွင်လည်း ရန်ကုန်တွင် တော်လှန်ရေးအင်အားစု အဖွဲ့ဝင်များ ဖမ်းဆီးခံရမှုများရှိခဲ့ပြီး ၎င်းတို့ငှားရမ်းနေထိုင်သည့် နေအိမ်ပိုင်ရှင်နှင့် ပွဲစားဆောင်ရွက်ပေးသူမှာ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရကြောင်း မဇ္ဈိမ၏ သတင်းရင်းမြစ်မှတစ်ဆင့် သိရသည်။

စာတည်း။        ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။     ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly