“ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ပဲ” စာတန်းကိုင်စွဲ ဆန္ဒပြ

By ပါခွီး (မဇ္စျိမ)
13 June 2023
“ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ပဲ” စာတန်းကိုင်စွဲ ဆန္ဒပြ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာများမှ စုပေါင်း ၍ ရွာပေါင်းစုံသပိတ်သည် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ (၈၁၅) ရက်မြောက်အဖြစ် ယနေ့ ဇွန်လ ၁၃ ရက်တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ” စာတန်းကို ကိုင်စွဲပြီး စစ်အာဏာရှင်အလိုမရှိကြောင်း ကြွေးကြော်သံများ ဟစ်ကြွေးကာ ချီတက်ခဲ့ကြခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုက်ပွဲဝင် အမျိုးသမီးများကို ဂုဏ်ပြုလိုခြင်းကြောင့် “ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ပဲ” စာတမ်းကို ကိုင်စွဲချီတက်ခဲ့ခြင်းဖြစ်ကြောင်း ရွာပေါင်းစုံသပိတ် ဦးဆောင်သူတစ်ဦးက ပြောသည်။

ဇွန်လ ၁၉ရက်နေ့သည် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက်မွေးနေ့ဖြစ်ပြီး ၎င်းနှင့်အတူ ထောင်တွင်းအကျဉ်းကျခံနေရသည့် အမျိုးသမီးရဲဘော်များ ၊ ကျဆုံး အမျိုးသမီးရဲဘော်များ ၊ လက်နက်စွဲကိုင်တိုက်ပွဲအတွင်းက အမျိုးသမီးများ ၊ သပိတ်တိုက်ပွဲများမှာ ပူးပေါင်း ဝန်းရံနေသောအမျိုးသမီးများ အပါဝင် တော်လှန်ရေး လုပ်ငန်းစဉ်တိုင်းမှာ ပါဝင်နေသော အမျိုးသမီးများအားလုံးကို ဂုဏ်ပြုလိုခြင်းဖြစ်ကြောင်း ဆိုသည်။

ရွာပေါင်းစုံသပိတ်သည် ကျဆုံးသွားသော အာဇာနည်အပေါင်းကို ဦးညွတ်အလေး ပြုခဲ့ကြပြီး သွေးသစ္စာသီချင်းသံပြိုင်သီဆိုကာ ကြွေးကြော်သံများဖြင့် ဆန္ဒပြပွဲကို အဆုံးသတ်ခဲ့ကြောင်း သိရသည်။

ယင်းမာပင်နှင့် ဆာလင်းကြီးကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြနေသည့် သပိတ်စစ်ကြောင်း ဖြစ်သည်။

စာတည်း။   ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly