သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့မီးရှို့ဖျက်ဆီး၊ နှစ်ဖက် စစ်ရေးတင်းမာ လာနိုင် ဟုဆို

By ကိုရွှေမြိတ်(မဇ္ဈိမ)
12 June 2023
သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့မီးရှို့ဖျက်ဆီး၊ နှစ်ဖက် စစ်ရေးတင်းမာ လာနိုင် ဟုဆို

တနင်္သာရီတိုင်း ၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာကို  စစ်ကောင်စီတပ်ဖွဲ့ က ယမန်နေ့ ဇွန်လ ၁၁ ရက်နေ့တွင် ကျေးရွာအတွင်း စစ်ကြောင်းနှစ်ကြောင်းခွဲကာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်ဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်ထံမှ သိရသည်။

“ရေတပ်အပါဝင် စစ်ကူရောက်နေတာ အင်အား ၂၀၀ နီးပါးရှိမယ်။ ကနက်သီရိရွာနဲ့ ရငဲရွာက နေအိမ် တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်နေတာပါ” ဟု သရက်ချောင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် က ပြောသည်။

ဇွန်လ ၈ ရက်မှစ၍ ကနက်သီရိကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ် ဖွဲ့သည် ကျေးရွာအတွင်း အထိုင်ချတပ်စွဲထားပြီး ထပ်မံ၍ စစ်ကူရောက်ရှိလာသည့်အတွက် နှစ်ဖက် စစ်ရေးတင်းမာလာနိုင်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်ကဆိုသည်။

စစ်ရေးတင်းမာနေသည့်အတွက် အချိန်မရွေးတိုက်ပွဲဖြစ်ပွားလာနိုင်၍ ပြည်သူများအနေဖြင့် ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့မှ ထုတ်ပြန်သည့် စစ်ရေးသတင်းများကို လိုက်နာစောင့်ကြည့်ရန် လိုအပ်ကြောင်း တနင်္သာရီ  စစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

“အခုချိန်မှာ နေရာပြောင်းရွှေ့နေနေရတဲ့ ပြည်သူတွေကို ကျွန်တော်ပြောချင်တာက ရွာထဲကို ချက်ချင်း ကြီး မဝင်ဖို့၊ ဝင်ရင်လည်း စစ်ရေးသတိနဲ့ ဝင်ဖို့လိုတယ်၊ ဘာကြောင့်လည်း ဆိုတော့ ရွာတွေထဲမှာ စစ်တပ် က မိုင်းတွေ ထောင်ထားတာ ရှိနိုင်တယ်”ဟု တနင်္သာရီ  စစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့က အရပ်သားအချို့ကို ဖမ်းဆီးထားဆဲဖြစ်ပြီး ဖမ်းဆီးခံရသူများကိုလည်း PDF ဝတ်စုံများ ဝတ်ဆင်ခိုင်း၍ လူသားဒိုင်းအဖြစ် ပြုလုပ်ကာ ရငဲကျေးရွာအပါဝင် အနီးနားရှိ ရွာများကို စစ်ကြောင်းထိုး ဝင်နေသေးကြောင်း တနင်္သာရီ  စစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့ထံမှ သိရသည်။

ဇွန်လ ၁၁ ရက်နေ့ ညနေပိုင်းက စစ်ရှောင်နေရသည့် အသက် ၂၃ နှစ်အရွယ် ကိုဝေယံဟိန်းဆိုသူသည် ရငဲကျေးရွာရှိ နေအိမ်သို့ မိခင်အတွက် ဆေးပြန်ယူစဉ် လမ်းတွင်ပစ်ခတ်ခံရ၍ သေဆုံးသွားသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်ထံမှ သိရသည်။

“ရငဲရွာခံ လူငယ်တဦး သေတာ အတည်ပြုလို့ရပါတယ်၊ မနေ့က ဖြစ်တာပါ”ဟု တနင်္သာရီ  စစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြော သည်။

အလားတူ ကနက်သီရိ၊ ကျွဲမင်းကုန်း၊ ရငဲ၊ ကမြိုင်၊ နတ်စီ၊ ဝဲရစ်နှင့် သိမ်ကုန်းတို့ကို စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးဝင်ရောက်ပြီး ကုန်စုံဆိုင်များအပါဝင် နေအိမ်များကိုမီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင်  ဒေသခံ ၁၀,၀၀၀ ခန့် စစ်ဘေးရှောင်နေရကြောင်း ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required