ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ စတင်ဖွဲ့စည်း 

By မိုးသောက် (မဇ္ဈိမ)
12 June 2023
ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ စတင်ဖွဲ့စည်း 

ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီ (Interim Excutive Council Of Karenni State (IEC)) ကို စတင်ဖွဲ့စည်းလိုက်ကြောင်း ယနေ့ ဇွန်လ ၁၂ ရက်နေ့တွင် အုပ်ချုပ်ရေးကောင်စီက ကြေ ညာလိုက်သည်။

ကြားကာလအုပ်ချုပ်ရေးကောင်စီကို ဇွန်လ ၆ ရက်တွင် စတင်ဖွဲ့စည်းလိုက်ပြီး ကရင်နီပြည်နယ် အတိုင် ပင်ခံကောင်စီ၏ နိုင်ငံရေးဦးဆောင်မှုနှင့် မူဝါဒလမ်းညွှန်ချက်အတိုင်း ဖွဲ့စည်းခြင်းဖြစ်ကြောင်း အုပ်ချုပ် ရေးကောင်စီက ဆိုသည်။

အုပ်ချုပ်ရေးကောင်စီကို ပြည်နယ်အတွင်း အစိုးရအုပ်ချုပ်ရေး ဖော်ဆောင်ရန်၊ မဏ္ဍိုင်သုံးရပ်ကိုညှိနှိုင်းပြီး တည်ငြိမ်အေးချမ်းရေးဆောင်ရွက်ရန်နှင့် ပြည်နယ်အတွင်းရှိ အင်အားစုအသီးသီး ပူးပေါင်းဆောင်ရွက် ရေးကိစ္စများ ဆောင်ရွက်ရန် စသည့် ရည်ရွယ်ချက် သုံးချက်ဖြင့် ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။ 

လက်ရှိဆောင်ရွက်နေသည့် ရဲဌာန၊ အကျဉ်းထောင်တို့ကိုလည်း စနစ်တကျစီမံခန့်ခွဲကာ နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်းနှင့် လူထုဝန်ဆောင်မှုလုပ်ငန်းများကို လည်း ချိတ်ဆက်ဖော်ဆောင်မည်ဖြစ်ကြောင်း ကောင်စီက ဆိုသည်။

ထို့ပြင် ကျန်းမာရေး၊ ပညာရေးနှင့် စားနပ်ရိက္ခာ လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန်အတွက်လည်း ဆောင် ရွက်မည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ကောင်စီအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်တွင်း၊ ပြည်ပအင်အားစုများနှင့် ချိတ်ဆက် ဆောင်ရွက်မည့်အပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)တို့နှင့် ချိတ်ဆက်ဆောင် ရွက်သွား မည်ဖြစ်ကြောင်း ဆိုသည်။

ကောင်စီကို ပြည်နယ်ရေးရာဌာန အနည်းဆုံး ၁၂ ခုဖြင့် တည်ဆောက်မည်ဖြစ်၍ CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ပြည်သူ့ဝန်ထမ်းကောင်းများ၊ တတ်သိပညာရှင်များကို ပြည်သူလူထု၏ ဝိုင်းဝန်းပံ့ပိုးမှုဖြင့် လက်တွဲဆောင်ရွက်နိုင်ရန် အထူးဖိတ်ခေါ်အပ်ကြောင်းလည်း ကောင်စီက ဆိုသည်။

ကြားကာလအုပ်ချုပ်ရေးကောင်စီသည် စံတန်ဖိုးဖြစ်သည့် အမျိုးသားတန်းတူရေး၊ တရားမျှတရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော လွတ်လပ်ပွင့်လင်းဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စုတည်ဆောက်ရေး အတွက် ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ စွမ်းစွမ်းတမံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုထားသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကရင်နီပြည်နယ်အစိုးရသစ်ပေါ်ပေါက်လာသည့်အချိန်တွင် ကြားကာလ အုပ်ချုပ် ရေးကောင်စီကို ရုပ်သိမ်းမည်ဖြစ်ပြီး လက်ရှိတိုင်းပြည်၏ ယိုယွင်းဖြစ်ပေါ်နေသည့် အခြေအနေများကို အပြောင်းအလဲဖြစ်ရန် ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးအတွက် ကြိုးပမ်းအားထုတ်နေသည့် အင်အားစု အားလုံးနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်သည်။

ဖွဲ့စည်းထားသည့် ကရင်နီပြည် ကြားကာလကောင်စီ အုပ်ချုပ်ရေးအဖွဲ့တွင် အဖွဲ့ဝင်ခြောက်ဦးဖြင့် ကနဦး စတင်ဖွဲ့စည်းထားပြီး KNPP မှ ခူးဦးရယ်က ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ KNDF မှ ခွန်ဘီးတူးက ဒုဥက္ကဋ္ဌ အဖြစ်လည်းကောင်း တာဝန်ယူထားသည်။

စာတည်း။    ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly