ကြက်ဥ၊ ဘဲဥများအား ဈေးတင်ရောင်းချနေမှုကို စိစစ်ရန် စစ်ခေါင်းဆောင် ညွှန်ကြား

By 001 (မဇ္စျိမ)
12 June 2023
ကြက်ဥ၊ ဘဲဥများအား ဈေးတင်ရောင်းချနေမှုကို စိစစ်ရန် စစ်ခေါင်းဆောင် ညွှန်ကြား

ရန်ကုန်တိုင်းအတွင်း ကြက်ဥ၊ ဘဲဥများအား ကျသင့်သည့်အဖိုးခထက် ဈေးတင်ရောင်းချနေမှု များတွေ့ရှိရသည်ဟုဆိုကာ ယင်းအပေါ်စိစစ်ရန် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ညွှန်ကြားလိုက်သည်။

ဇွန်လ ၁၀ ရက်နေ့က ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်၊ ရန်ကုန်မြစ်နှင့် မှော်ဝန်ချောင်းကြားရှိ သီလဝါ ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်သို့ သွားရောက်ရာတွင် စစ်ခေါင်းဆောင်က ထိုသို့ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့သို့ ရှမ်းပြည်နယ်တောင်ပိုင်း အေးသာယာမှ ကြက်ဥများ၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့မှ ဘဲဥ များကို များစွာတင်ပို့ရောင်းချနေပြီး ထိုသို့ရောင်းချရာတွင် ကျသင့်နိုင်သည့် သယ်ယူပို့ဆောင်ခများထက် ပိုမိုဈေးတင်ရောင်းချထားသည်ကို တွေ့ရှိရကြောင်း ၎င်းကဆိုသည်။

ကုန်ဈေးနှုန်းကြီးမြင့်မှု ဒဏ်မခံရစေရန် ဒေသအတွင်းရှိ ကုန်ထုတ်လုပ်စွမ်းအားဖြင့် ဆောင်ရွက်ကြရန်နှင့် ပြင်ပမှတင်သွင်းမှုများကို သက်သာသောဈေးနှုန်းများဖြင့်ရရှိရန် ဆောင်ရွက်ကြရမည်ဟု ဆိုသည်။
“အဓိကအားဖြင့် ရန်ကုန်တိုင်းအတွင်းရှိ ပြည်သူများ ကုန်ဈေးနှုန်းကြီးမြင့်မှု ဒဏ်မခံရစေရေး၊ ဒေသတွင်း ရှိ ကုန်ထုတ်လုပ်စွမ်းအားဖြင့် ဆောင်ရွက်ကြရန်လိုအပ်သည် ” ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

လက်ရှိတွင် ရန်ကုန်တိုင်းအတွင်း စိုက်ပျိုးမွေးမြူရေးဇုန်များကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ရန်ကုန်မြို့၏ နေ့စဉ်စားရေးလိုအပ်ချက်ကို ရန်ကုန်တိုင်းအတွင်းမှာပင် ထုတ်လုပ်ရောင်းချနိုင်မည်ဆိုပါ က မြို့နေပြည်သူများအနေဖြင့် အသား၊ ငါးများကို ဈေးနှုန်းသက်သာစွာ ဝယ်စားနိုင်မည်ဟုလည်း စစ်ခေါင်းဆောင်က ဆိုသည်။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကမူ ရန်ကုန်မြို့သည် ကုန်သွယ်မှုလုပ်နေသော စီးပွားရေးမြို့တော်တစ်ခု ဖြစ်သည့်အတွက် မွေးမြူရေးနှင့်စိုက်ပျိုးရေးထုတ်ကုန်ကို ဒေသတွင်းမှ လုံလောက်စွာထုတ်လုပ်နိုင်ရန် မဖြစ်နိုင်သေးကြောင်း  သုံးသပ်သည်။

“တိုင်းတတိုင်းစီက ဆန်စိုက်ရမယ်၊ လုံလောက်စွာလုပ်ရမယ်ဆိုတာက အရင် မဆလတို့ နဝတတို့ခေတ် ကလည်းလုပ်ခဲ့တာပဲလေ ဖြစ်မှမဖြစ်တာ။ သူရဲ့ စီးပွားရေးအရဆိုရင် သူ့တိုင်းရဲ့ အားသာချက်အပေါ်မှာပဲ မူတည်ပြီး ရန်ကုန်တို့ဘာတို့ဆိုတာ စီးပွားရေးမြို့တော်လေ၊ အဓိကက ကုန်သွယ်မှုလုပ်တဲ့ဟာတွေပေါ့၊ ဘယ်လိုမှကို မလုံလောက်နိုင်ပါဘူး၊ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မွေးမြူရေးတို့၊ စိုက်ပျိုးရေးတို့ဆိုတာ ဧရာဝတီတို့ ဘာတို့နဲယှဉ်ရင် ဘာမှမဟုတ်တာ၊ သွင်းရဦးမှာပဲ” ဟု စီးပွားရေးလုပ်ငန်းရှင်တဦးက ပြော သည်။

အာဏာသိမ်းပြီးနောက် ကျပ်ငွေတန်ဖိုးကျဆင်းခြင်း၊ ဒီဇယ်၊ ဓာတ်မြေဩဇာစသည့်သွင်းအားစုများ ဈေး နှုန်းမြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်ရေးစရိတ်များနှင့် စစ်ကောင်စီစစ်ဆေးရေးဂိတ်များတွင် လာဘ်ငွေ ပေးဆောင်နေရခြင်းတို့ကြောင့် ကုန်ဈေးနှုန်းမြင့်တက်နေခြင်းဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်တွင် နေထိုင်သော ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးကမူ ပြည်တွင်း ကုန်ဈေးနှုန်း မြင့်တက်မှုများကြောင့် ပြည်သူများအနေဖြင့် စားသောက်ကုန်များကို ယခင်ကထက် ပမာဏလျှော့ချပြီး ဝယ်ယူလာကြကြောင်း မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်များတွင် ကြက်ဥတလုံးပင်လျှင် ကျပ် ၃၀၀ အထိ ဈေး နှုန်းမြင့်တက်နေကြောင်း သိရသည်။

စစ်တပ်က အာဏသိမ်းပြီးနောက် ဒေသတွင်းပဋိပက္ခများ ပိုမိုပြင်းထန်လာမှုနှင့်အတူ မြန်မာ့စီးပွားရေး သည်လည်း ကသောင်းကနင်းဖြစ်နေပြီး ၂၀၂၂ ခုနှစ်အတွင်း မြန်မာ့စီးပွားရေးတိုးတက်မှုမှာ သုံးရာခိုင်နှုန်း သာရှိပြီး ၂၀၂၃ ခုနှစ်တွင်လည်း ထို့ထက်တိုးတက်လာနိုင်ဖွယ်မရှိကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထား သည်။

စာတည်း။    ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required