ပဇီကြီးကျေးရွာအတွက် အနက်ရောင်ပရိုဖိုင်းချိန်းခဲ့သည့် မေပန်းချီကို စစ်ခုံရုံးက ထောင် ၃ နှစ်ချမှတ်

By မိုးသောက် မဲဆောက်(မဇ္ဈိမ)
11 June 2023
ပဇီကြီးကျေးရွာအတွက် အနက်ရောင်ပရိုဖိုင်းချိန်းခဲ့သည့် မေပန်းချီကို စစ်ခုံရုံးက ထောင် ၃ နှစ်ချမှတ်

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုအတွက်  လူမှုကွန်ရက်စာမျက်နှာတွင် ဝမ်းနည်းကြောင်း အနက်ရောင်ပရိုဖိုင်(Profile) ပြောင်းလဲခဲ့သည့် သရုပ်ဆောင်မေပန်းချီကို ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်ကြောင်း စစ်ကောင်စီဝါဒဖြန့်မီဒီယာများက ဇွန်လ ၁၀ရက်တွင် ဖော်ပြထားသည်။ 

သရုပ်ဆောင် မေပန်းချီအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ကဖြင့်  မြောက်ဒဂုံမြို့နယ် စစ်ခုံရုံးက ထောင်ဒဏ်သုံးနှစ် အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက အတည်ပြုသည်။

“မေပန်းချီကိုတော့ လွန်ခဲ့တဲ့ ခြောက်ရက်လောက်က စစ်ခုံရုံးက ချလိုက်ပြီပြောတယ်” ဟု ရှေ့နေတစ်ဦးက ဆိုသည်။

သရုပ်ဆောင်မေပန်းချီ အပါအဝင် အဆိုတော်ရွှေရည်သိန်းတန်နှင့် The Voice ဂျာနယ်၏ အယ်ဒီတာချုပ်ဟောင်း ဦးကျော်မင်းဆွေတို့ကို  စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာတွင် ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည့်အတွက်  ဧပြီလ တတိယအပတ်အတွင်းက စစ်ကောင်စီကဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ဦးကျော်မင်းဆွေတို့လည်း ထောင်ဒဏ် သုံးနှစ်ချမှတ်လိုက်သည်ဟု  စစ်ကောင်စီ၏ ဝါဒဖြန့်ချန်နယ်များတွင် ဒီကနေ့နံနက်ပိုင်းက ဖော်ပြလာကြသည်။ စစ်ကောင်စီနှင့်နီးစပ်သည့် နောင်တော်လေး၏ တယ်လီဂရမ်ချန်နယ်တွင်မူ ယမန်နေ့ ၁၀ရက် ညပိုင်းကတည်းက အဆိုပါသတင်းကို ဖော်ပြထားသည်ကို တွေ့ရသည်။

နောင်တော်လေးသည် အမျိုးသားရေးလှုပ်ရှားသူတစ်ဦးဖြစ်ပြီး Myanmar Nation Post ဟူသည့် မီဒီယာတစ်ခုကို တည်ထောင်ထားကာ စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးနေသူတစ်ဦး ဖြစ်သည်။ 

၎င်းဖော်ပြချက်တွင် “ကျော်မင်းဆွေဟာ ယခင် NLDအစိုးရလက်ထက်မှာ သူ့တပည့်ရေးတဲ့ တပ်မတော်ကို အပုပ်ချစော်ကားတဲ့ သရော်စာကြောင့် ထောင်ကျခဲ့ရပြီး ထောင်ထဲမှာ အခွင့်ထူးခံအဖြစ် အကျဉ်းထောင်ဝန်ထမ်းများက အခွင့်အရေးပေးခဲ့ပါတယ်” ဟု ရေးသားထားသည်။

အဆိုပါဆောင်းပါးသည် ကျည်ထောင်စုသစ္စာဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၇ခုနှစ်တွင်The Voice နေ့စဉ်သတင်းစာတွင် ဖော်ပြခဲ့သည့် ဗြိတိသျှကိုကိုမောင်ရေးသားခဲ့သည့် သရော်စာဆောင်းပါးတစ်ပုဒ်ဖြစ်သည်။ ထိုဆောင်းပါအတွက် စာရေးသူနှင့်အယ်ဒီတာချုပ် နှစ်ဦးစလုံးကို စစ်တပ်က တရားလိုလုပ် တရားစွဲဆိုခဲ့ပြီး စာရေးသူကို တရားသေလွှတ်ပေးကာ အယ်ဒီတာချုပ်ကို ကျပ်သိန်း၁၀၀ဖြင့်အာမခံပေးခဲ့သည်။

လက်ရှိတွင် အယ်ဒီတာချုပ်‌ဟောင်း ဦးကျော်မင်းဆွေကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-ကဖြင့် တရားစွဲဆိုထားပြီး အမိန့်ချမှတ်ထားခြင်းရှိမရှိနှင့်ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြနိုင်ခြင်း မရှိသေးပေ။

“အမိန့်ချတာတော့ မကြားမိသေးပါဘူး” ဟုဦးကျော်မင်းဆွေနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

စစ်ကောင်စီသည်   ၎င်းတို့စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခုခံတော်လှန်တိုက်ခိုက်နေကြသည့်သူများကို လေကြောင်းသုံးတိုက်ခိုက်ခြင်းများ ပြုလုပ်နေသည့်အပြင် တော်လှန်ရေးအတွက် ထောက်ခံအားပေးသူများနှင့် ၎င်းတို့၏ လူ့အခွင့်ရေးချိုးဖောက်မှုများအပေါ်  လူမှုကွန်ရက်တွင် ဝေဖန်ပြောဆိုမှုများကိုပင် စောင့်ကြည့်ဖမ်းဆီးမှုများ ရှိနေသည်၊။

စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင်မူ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် တော်လှန်ရေးတွင်ပါဝင်သည့်ထင်ပေါ်ကျော်ကြားသူများ၏ လူမှုကွန်ရက်စာမျက်နှာများတွင် မှတ်ချက်(COMMENT)ပေးသူများကိုပင် ဖမ်းဆီးရန် လှုံ့ဆော်မှုများရှိသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လူ့အခွင့်ရေး ချိုးဖောက်ခံရမှုများ၊ ဖမ်းဆီးသတ်ဖြတ်ခံရသူများသည် နေ့စဉ်နှင့်အမျှရှိနေသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ဇွန်လ ၉ရက်နေ့အထိ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် အရပ်သား စုစုပေါင်းသည် ၂၃၂,၉၉ဦး ရှိနေပြီး ၃,၆၄၉ဦးကို သတ်ဖြတ်ထားကြောင်း သိရသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly