စစ်ကောင်စီတပ်ဖွဲ့များ၏ စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်းလိုက်သော်လည်း ကင်းပုန်းဝပ် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိနေ

By မင်းထက် (မဇ္စျိမ)
10 June 2023
စစ်ကောင်စီတပ်ဖွဲ့များ၏ စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်းလိုက်သော်လည်း ကင်းပုန်းဝပ် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိနေ
 ဓာတ်ပုံ - ပုသိမ်-ချောင်းသာ ကားလမ်းဘေးတစ်နေရာမှ စစ်ကောင်စီတပ်ဖွဲ့(ပုံအဟောင်း)

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များတွင် စစ်ကောင်စီတပ်ဖွဲ့များ၏ စစ်ဆေးရေး ဂိတ်များကိုဖြုတ်သိမ်းခဲ့သော်လည်း ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့များရှိနေသေးကြောင်း မြို့နယ်အသီးသီးရှိ တော်လှန်ရေး အင်အားစုများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်ဖွဲ့များက ၎င်းတို့အထိုင်ချစစ်ဆေးသည့် စစ်ဆေးရေးဂိတ်များကို ဖြုတ်သိမ်းလိုက်ခြင်းဖြစ်သည်။

ထိုသို့ဖြုတ်သိမ်းပြီးနောက် အဆိုပါဂိတ်များ၏ အနီးဝန်းကျင်နေရာများတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့များ ရှိလာခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောသည်။

"ဖြုတ်သိမ်းသွားတဲ့ ဂိတ်တွေရဲ့ တစ်ဖာလုံလောက်အကွာမှာ စစ်သားတွေကင်းပုန်းဝပ်နေကြတယ်။ မြို့နယ်တိုင်း၊ မြို့တိုင်းမှာ အဲ့ဒီလိုဖြစ်နေတာပါ။ ဂိတ်တွေဖြုတ်သိမ်းတယ်လို့ အယောင်ပြပြီး ထောင်ချောက်ဆင် ဖမ်းဆီးတာတွေလုပ်မယ်လို့ ယူဆရတယ်။ အကုန်လုံး သတိထားဖို့လိုတယ်"ဟု ၎င်းကဆိုသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့များ အထိုင်ချစစ်ဆေးသည့် ယာယီဂိတ်များအား အပြီးဖြုတ်သိမ်းလိုက်ပြီး စစ်အာဏာမသိမ်းမီအချိန်ကတည်းက ရှိနေသည့် စစ်ဆေးရေးဂိတ်များတွင်မူ ရဲတပ်ဖွဲ့ဝင်များနှင့် လမ်းကြေးကောက်သူများ ရှိနေသေးကြောင်း ဆက်လက်ပြောသည်။

"မြို့နယ်အများစုမှာတော့ ဂိတ်တွေအကုန်ဖြုတ်ပြီး စစ်သားလည်းမရှိ၊ ရဲလည်းမရှိတော့ဘူး။ မြို့နယ်အနည်းစုလောက်က ဂိတ်တွေမှာပဲ ရဲတွေရှိတော့တယ်။ ပုသိမ်မြို့အဝင်ဂိတ်မှာဆိုရင် အရင်တုန်းက စစ်သားတွေစစ်တာ၊ အခုဆို ရဲလောက်ပဲ စစ်တော့တယ်"ဟု လွှတ်တော်ကိုယ်စားလှယ်ကပြောသည်။

ထိုသို့ စစ်ကောင်စီတပ်ဖွဲ့များ၏ ဂိတ်များဖြုတ်သိမ်းနေမှုနှင့်ပတ်သတ်၍ ၎င်းတို့အနေဖြင့် သတိထားစောင့်ကြည့်နေကြောင်း ဧရာဝတီတိုင်း စစ်ဒေသကွပ်ကဲရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ပုသိမ်နဲ့ ငပုတောကလွဲပြီး ကျန်တဲ့မြို့နယ်တွေမှာ ဂိတ်တွေ
မရှိသလောက်ဖြစ်သွားပြီ၊ ကင်းပုန်းဝပ်တာတွေတော့ အများကြီးရှိတယ်"ဟု ၎င်းကဆိုသည်။

ထိုသို့ စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်းနေသော်လည်း ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် စစ်ကောင်စီတပ်ဖွဲ့များ၏ လှည့်ကင်းများရှိနေသေးကြောင်း မြို့နယ်အသီးသီးရှိ ဒေသခံများက ပြောသည်။

လက်ရှိတွင် ဟင်္သာတခရိုင်နှင့် ငပုတောမြို့နယ်အတွင်း တောစပ်များ၌ စစ်ကောင်စီတပ်ဖွဲ့များ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနေကြသည်ဟု ဒေသခံများ၏ပြောပြချက်အရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly