မြောက်ဒဂုံ ၅၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား မြို့ပြပြောက်ကျားများ မီးပုလင်းပစ်တိုက်ခိုက်မှုပြုလုပ်

By ဂန္ဒမာ (မဇ္ဈိမ)
10 June 2023
မြောက်ဒဂုံ ၅၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား မြို့ပြပြောက်ကျားများ မီးပုလင်းပစ်တိုက်ခိုက်မှုပြုလုပ်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၅၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား ဇွန်လ ၉ ရက် နံနက် ၃ နာရီက မြို့ပြပြောက်ကျားအဖွဲ့များမှ မီးပုလင်းပစ်၍ တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ပြောသည်။

"ကျွန်တော်တို့ မီးပုလင်းသုံးလုံးနဲ့ တိုက်ခိုက်တယ်။ တိုက်ခိုက်တော့ အုပ်ချုပ်ရေးမှူးရုံးရဲ့ ရှေ့တံခါးပေါက်က တံခါးချိတ်ကြီး မီးလောင်သွားတယ်။ "ဟူ၍ တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် Mother Son Yangon Force တာဝန်ခံ ဗိုလ်နိုင်က ပြောသည်။

တိုက်ခိုက်မှုပြုလုပ်ပြီးနောက် စစ်ကားနှစ်စီးနှင့် ရဲဆိုင်ကယ်နှစ်စီးရောက်ရှိလာကာ စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်းကို အနီးနေဒေသခံမှတစ်ဆင့် သိရသည်။

အဆိုပါတိုက်ခိုက်မှုအား Mother Son Yangon Force အဖွဲ့၊ Our City အဖွဲ့နှင့် Dragon Army မြို့ပြပြောက်ကျားအဖွဲ့ သုံးဖွဲ့ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါမစ်ရှင်တွင် မီးပုလင်းဖြင့် ပစ်ခွဲတိုက်ခိုက်ရခြင်းမှာ စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့များအား အခွင့်အခါကြုံကြိုက်တိုင်း ရရှိသည့်နည်းဖြင့် တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်အာဏာရှင်များအား ဘယ်တော့မှအရှုံးမပေးဘဲ တိုက်ခိုက်သွားမည်ကို ပြသချင်၍ဖြစ်ကြောင်း Mother Son Yangon Force အဖွဲ့က ပြောသည်။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required