ကန့်ဘလူခရိုင်တွင် စစ်ဘေးရှောင် အမျိုးသား ၂ ဦး မြွေကိုက်ခံရ 

By KMN (မဇ္ဈိမ)
09 June 2023
ကန့်ဘလူခရိုင်တွင် စစ်ဘေးရှောင် အမျိုးသား ၂ ဦး မြွေကိုက်ခံရ 
Photo - ကျွန်းလှ၊ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တွင် ဇွန်လ ၁ ရက်နေ့မှ ၈ ရက်နေ့အထိ စစ်ဘေးရှောင်အမျိုးသား နှစ်ဦး မြွေကိုက်ခံခဲ့ရကြောင်း ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်မှ ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့က ကန့်ဘလူမြို့နယ်၊ ကိုးထောင်ဘို့တိုက်နယ်အတွင်းရှိ  အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ညနေနွားသိမ်းသွားချိန်တွင် မြွေဆိုးကိုက်ခံရပြီး အိန္ဒိယမြွေဆိပ်ဖြေဆေး လေးလုံးထိုးပေးထားကာ အခြေအနေစောင့်ကြည့်နေဆဲဖြစ်ကြောင်း ၎င်းအဖွဲ့တာဝန်ရှိသူကပြောသည်။

အလားတူ ဇွန်လ ၈ ရက်နေ့ကလည်း ချပ်သင်းတိုက်နယ်မှ အသက် ၂၉ နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသားတစ်ဦးသည် စစ်ရှောင်တဲတွင်သန့်ရှင်းရေးလုပ်ချိန် မြွေဆိုးကိုက်ခံခဲ့ရသည်။ ၎င်းအမျိုးသားကို BPI မြွေဆိပ် ဖြေဆေး လေးလုံးထိုးပေးထား ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

"ကန့်ဘလူခရိုင်အတွင်းက ချပ်သင်း၊ ကိုးထောင်ဘို့၊ ထန်းကုန်း စတဲ့ဒေသတွေဟာ မြွေဆိုးကိုက်လူနာအများဆုံးတွေ့ရတဲ့ ဒေသတွေပါ။ မေလ တစ်လအတွင်း မြွေဆိုးကိုက်လူနာ ရှစ်ဦးထိ စံချိန်တင်တွေ့ရှိခဲ့ပါတယ်" ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်တာဝန်ခံက ဆိုသည်။ 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြိုနယ်နှင့် ကျွန်းလှမြို့နယ်တွင် ထောင်နှင့် ချီသည့် စစ်ဘေးရှောင်များရှိနေပြီး တောတောင်တွေထဲ စစ်ဘေးရှောင်နေရချိန်တွင် အဆိပ်ပြင်းသည့်မြွေပွေး၊ မြွေဟောက် အကိုက်ခံရပြီး သေဆုံးသူများ ရှိနေသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တွင် ပြီးခဲ့သည့်မေလအတွင်းတွင် စစ်ဘေးရှောင် ရှစ်ဦးထိ မြွေဆိုး ကိုက်ခံခဲ့ရသည်။ ၎င်းအပြင် ဧပြီလအတွင်းကလည်း စစ်ဘေးရှောင် လေးဦး မြွေဆိုးကိုက်ခံခဲ့ရပြီး အသက်ရှစ်နှစ်အရွယ်ကလေးငယ်နှင့် အသက် ၅၃ နှစ်အရွယ်လူကြီးတစ်ဦး သေဆုံးခဲ့ကြောင်း  ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်မှထုတ်ပြန်ထားသည်။ 

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly