ချင်းပြည်နယ်အတွင်း ဒေသခံမှအပ ပြင်ပခရီးသည်များ ဝင်ရောက်ခွင့် CNF တားမြစ်

By ပါခွီး (မဇ္စျိမ)
09 June 2023
ချင်းပြည်နယ်အတွင်း ဒေသခံမှအပ ပြင်ပခရီးသည်များ ဝင်ရောက်ခွင့် CNF တားမြစ်

ချင်းပြည်နယ်အတွင်း ဒေသခံချင်းလူမျိုးများမှအပ ပြင်ပခရီးသည်များ ဝင်ရောက်ခြင်းကို တားမြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) က ယမန်နေ့ ဇွန်လ ၈ ရက်တွင် ထုတ်ပြန်သည်။

ချင်းပြည်နယ်သို့ လာရောက်ရန် အရေးကြီးကိစ္စရှိပါက သက်ဆိုင်ရာ ချင်းကာကွယ်ရေးတပ်ဖွဲ့များ(CDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များထံမှ ထောက်ခံစာဖြင့်သာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ဆိုသည်။

“စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နိုင်ငံသားမှတ်ပုံတင်တွေ လုပ်ပေးပြီး အရပ်သားပုံစံလုပ်ပြီး အင်အားဖြည့်တင်းလာတယ်လို့ ကျနော်တို့ အခိုင်အမာ သတင်းရထားတယ် ။ အဲဒါကြောင့် စစ်ရေးအရ ပြည်သူလူထုကို ကာကွယ်နိုင်ဘို့ ။ စစ်ကောင်စီ အင်အားဖြည့်တင်းလာတာဟာ ချင်းတောင်အတွက် စစ်ရေးပဋိပက္ခများ ပိုများလာမယ့် အခြေအနေတွေရှိတာကြောင့် အခုလိုထုတ်ပြန်ရတာပါ” ဟု CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မဇ္စျိမကိုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့၏ မြေပြင်မှ စစ်ကားများဖြင့် အင်အားဖြည့်တင်းမှုများကို ချင်းအမျိုးသားတပ်မတော် နှင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့များက တုံ့ပြန်ချေမှုန်း နိုင်ခဲ့ကြောင်းနှင့် စစ်အင်အားအသုံးပြုနိုင်ရေးအတွက် စစ်သုံးလေယာဉ်များကလည်း မထိရောက်သောကြောင့် ယခုကဲ့သို့ အရပ်သုံးယာဉ်များကို အသုံးပြုလာခြင်းဖြစ်ကြောင်း ဆိုသည်။

အခြားဖက်တွင်လည်း ချင်းတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေများတွင် ပြည်သူလူထုအား လွပ်လပ်စွာသွားလာခွင့် ဖွင့်ထားပေးသည်ကို စစ်ကောင်စီတပ်ဖွဲ့က အခွင့်ကောင်းယူ၍ ယခုကဲ့သို့ အင်အားတိုးချဲ့လာခြင်းကို ထိန်းချုပ်ရန် ပြုလုပ်ရခြင်းဖြစ်ကြောင်း ဆလိုင်းထက်နီက ဆက်ပြောသည်။

ထို့အပြင် စစ်ကိုင်းတိုင်း ၊ ကလေးမြို့ဖက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့က အရပ်ဖက်သုံးယာဉ်များကို ယူဆောင်ကာ အသုံးပြုနေကြောင်း သတင်းများသိရှိရကြောင်း ဆိုသည်။

အများပြည်သူ ခရီးသွားယာဉ်များက စစ်ကောင်စီတပ်ဖွဲ့ဝင်များ (သို့) လက်နက်ခဲယမ်း ၊ စစ်ဘက်ဆိုင်ရာပစ္စည်းများ သယ်ယူပို့ဆောင်ခြင်းကို တားမြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထုတ်ပြန်ချက်ပါ အချက်အလက်များကို ချိုးဖောက်ပါက ပြင်းထန်စွာ အရေးယူမည်ဖြစ်ပြီး အမိန့်တစ်စုံတရာ မထုတ်ပြန်မချင်း ယခုထုတ်ပြန်ချက်သည် အတည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ချက်အောက်တွင် လိုက်နာဆောင်ရွက်ရမည့် အသေးစိတ်အချက် အလက်များကို တပ်ဖွဲ့ဝင်များထံ ညွှန်ကြားချက်များ ပေးပို့သွားမည်ဖြစ်ပြီး လိုက်နာမှုမရှိသောသူများကို ထိုက်သင့်သော အပြစ်ဒဏ်ပေး အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်းတွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့က ထန်တလန်ဘက်သို့ စစ်ကြောင်းနှစ်ကြောင်းထိုးလျက်ရှိရာ ချင်းအမျိုးသား တပ်မတော်နှင့် ဒေသခံချင်းကာကွယ်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

မေလ ၂၆ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ အနည်းဆုံး ၅၀ ဦးခန့် သေဆုံးပြီး ဒဏ်ရာရရှိသူ ၂၀ဦးခန့်ရှိကာ ချင်းပူးပေါင်းတပ်ဖွဲ့ ဘက်မှ ၁၅ဦးကျဆုံးခဲ့ပြီး ၁၀ဦးခန့် ထိခိုက်ဒဏ်ရာရရှိထားကြောင်း ချင်းအမျိုးသား တပ်မတော်ထံမှ သိရှိရသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly