ရန်ကုန်၊ မတ် ၃၀ ။ ။ ရှမ်းပြည်နယ် နမ္မတူမြစ်ပေါ်တွင် တည်ဆောက်နေသည့် အထက်ရဲရွာရေကာတာနှင့် အခြားသောရေအားလျှပ်စစ်စီမံကိန်းများအား ရပ်ရန် အစိုးရသစ်ကို တိုက်တွန်းကြောင်း ရှမ်းလူ့အခွင့်ရေး မဏ္ဍိုင်၊ ရှမ်းသဘာဝအဖွဲ့နှင့် ရှမ်းပြည်နယ်တောင်သူလယ်သမားများကွန်ယက်စသည့် ရှမ်းအဖွဲ့အစည်းများက ယနေ့ (မတ်လ ၃၀ရက်တွင်) ထုတ်ပြန်ကြေငြာ လိုက်သည်။
ယင်းကြေညာချက်တွင် နမ္မတူ (သို့မဟုတ်) မြစ်ငယ် ပေါ်တွင်တည်ဆောက်မည့် ရေကာတာစီမံကိန်း ၄ ခုမှာ ပွင့်လင်းမြင်သာမှုမရှိကြောင်း၊ ယင်းမြစ်သည် လူအများတို့ မှီခိုအားထားသောမြစ်ဖြစ်ပြီး ရေကာတာတို့က မြစ်၏တစ်ဝက်ကျော်ခန့်ကို ပိတ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။
ယင်းအပြင် ဂေဟစနစ် ဖြစ်သော သက်ရှိသတ္တဝါ၊ သစ်ဥသစ်မြစ်၊ ဆေးဖက်ဝင်အပင်တို့နှင့် ပြည်သူလူထုတို့၏ ဘဝရပ်တည်ရေးကိုထိခိုက်မည်ဖြစ်ကြောင်း၊လူဦးရေ ၅၀၀ ခန့်နေထိုင်သည့် တာလုံရွာ၏ သဘာဝလိမ္မော်စိုက်ခင်းတို့သည် ရေအောက်လုံး၀ မြုပ်သွား နိုင်ကြောင်း၊ သီပေါမြို့၏ တစ်စိတ်တပိုင်းတို့မှာလည်း ရေအောက်မြှပ်သွားနိုင်ကြောင်း ဖေါ်ပြထားသည်။
အစိုးရသစ်အနေဖြင့် ငြိမ်းချမ်းရေးကိုလိုလားပါက ပဋိပက္ခဇုန်အတွင်းကျရောက်နေပြီး နမ္မတူမြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာများနှင့် အခြားမြစ်များပေါ်တွင် တည်ဆောက်မည့် ရေကာတာများ အားလုံးရပ်တန့်ရန်လိုကြောင်း ရှမ်းသဘာဝအဖွဲ့မှ စိုင်းခေးဆိုင်က ပြောသည်။
ရေကာတာ မတည်ဆောက်မီ တာလုံရွာသားတို့အား အကြောင်းကြားခြင်း မရှိသည့်အပြင် ညှိနှိုင်းတိုင်ပင်မှုများမလုပ်ခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် တာလုံရွာသူ၊ ရွာသားများမှ ရေကာတာကြောင့် ရွှေ့ပြောင်းကြရမည်ကို ဆန့်ကျင်ကန့်ကွက်သည့် လက်မှတ်များရေးထိုးထားသော စာရွက်မှတ်တမ်းကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် စိုင်းခမ်းအောင် ထံပေးပို့ အကူအညီတောင်းခံထားကြောင်း ဖေါ်ပြပါရှိသည်။
ရေကာတာ တည်ဆောက်မှုစီမံကိန်း တည်ရှိရာနေရာသည် ပဋိပက္ခဖြစ်ရာဧရိယာဖြစ်ပြီး တိုင်းရင်းသားများက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိနိုင်ရန်နှင့် သဘာဝသံယံဇာတများကို ထိန်းသိမ်းကာကွယ်ရန် ကန့်ကွက်ကြခြင်းဖြစ်ကြောင်း ဖေါ်ပြထားသည်။
အထက်ရဲရွာရေကာစီမံကိန်းသည် နောင်ချိုမြို့နယ်တွင်ရှိပြီး တည်ဆောက်မည့် ရေလှောင်ကန်မှာ ၆၀ ကီလိုမီတာ ကျယ်ဝန်းကာ ရေကာတာ အမြင့်ပေသည် ၁၀၂ မီတာမြင့်ပြီး ရေအားလျှပ်စစ် ၃၀၈ မဂ္ဂါဝပ်အထိ ထုတ်လွှတ်မည်ဖြစ်သည်။
ယင်းစီမံကိန်းတွင် တရုတ်၊ ဆွစ်ဇလန်၊ ဂျာမနီ နှင့် ဂျပန် စသည့် နိုင်ငံများမှကုမ္ပဏီများပါဝင်ပြီး ၎င်းရေကာတာသည် ဆောက်လုပ်ဆဲဖြစ်ကာ ၂၀၁၈ ခုနှစ်တွင် ပြီးစီးရန် စီစဉ်ထားသည်။