နတ်သံကွင်းတွင် စစ်ကောင်စီတပ်က ကုန်းလမ်း၊ ရေလမ်းများပါသုံး၍ စစ်အင်အားထပ်မံတိုးမြှင့်

By YT  ( မဇ္ဈိမ)
08 June 2023
နတ်သံကွင်းတွင် စစ်ကောင်စီတပ်က ကုန်းလမ်း၊ ရေလမ်းများပါသုံး၍ စစ်အင်အားထပ်မံတိုးမြှင့်
ဓါတ်ပုံ- ဇွန်လ ၆ ရက်နေ့က မိုင်းခွဲ ဖျက်ဆီးခံခဲ့ရသော စစ်တောင်းတံတား (နတ်သံကွင်း)

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ နတ်သံကွင်းမြို့တွင် စစ်ကောင်စီတပ်မှ ကုန်းလမ်းသာမက ရေလမ်းကြောင်းကိုပါအသုံးပြု၍ စစ်အင်အား ထပ်မံတိုးမြှင့်နေကြောင်း သိရ သည်။

“ မနေ့ ( ဇွန်လ ၇ ရက်နေ့) က ပျဥ်းမပင်ရွာမှာ စုနေကြပြီး နတ်သံကွင်းမြို့ထဲကို မြစ်ထဲကနေကူးပြီး နေရာယူတာ။ အင်အား ၂၀၀ လောက်လို့ပြောတယ်။ ကျိုးသွားတဲ့တံတား (စစ်တောင်းတံတား)နဲ့ ညောင်ဝိုင်း ပျဥ်းမပင်ကတဆက် တည်းပဲလေ” ဟု ဒေသတွင်း သတင်းရင်းမြစ်တဦးက မဇ္ဈိမသို့ ပြောသည်။

ဇွန်လ ၆ ရက်နေ့က နတ်သံကွင်း မြို့မရဲစခန်းအပါအဝင် စစ်ကောင်စီတပ်၏နေရာငါးခုကို တပ်မဟာ (၃) KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့များက တပြိုင်နက် စီးနင်းတိုက်ခိုက်ခဲ့သည်။

ယင်းနေ့၌ပင် စစ်ရေးအတွက်အဓိကအသုံးပြုနေသည့် စစ်တောင်းတံတား၊ နတ်ရွာတံတားနှင့် သာစည်တံတားတို့ အား KNLA ပူးပေါင်းတပ်မှဖျက်ဆီးခဲ့သဖြင့် စစ်ကောင်စီတပ်မှ စစ်ကြောင်းပြန်ထိုးရန် ရေလမ်းကိုပါအသုံးပြုနေ ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းမှစတင်၍ စစ်တောင်းတံတားအနီးရှိ ညောင်ဝိုင်း၊ ပျဉ်းမပင်၊ ကွင်း ချောင်းဝကျေးရွာများမှတဆင့် နတ်သံကွင်းမြို့အတွင်းသို့ ပြန်လည်စစ်ကြောင်းထိုးလာနေကြောင်း သတင်းရင်းမြစ် ကဆိုသည်။

ထို့ပြင် ဖျက်ဆီးခံထားရသည့် စစ်တောင်းတံတားထိပ်၊ နတ်သံကွင်းမြို့ ရပ်ကွက်(၁) ရဲစခန်း၊ တံခွန်တိုင်ရပ်ကွက်၊ ရပ်ကွက်(၄)တို့တွင်လည်း စစ်အင်အားဖြန့်ထားကြောင်း သိရသည်။

စစ်တောင်းတံတား (နတ်သံကွင်း) ထိပ်ရှိ စစ်ကောင်စီဂိတ်တွင် ဇွန်လ ၇ ရက်နေ့ကလည်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား အပြန်အလှန်ပစ်ခတ်မှုအချို့ ရှိခဲ့သည်။

ကျောက်ကြီးမြို့နယ်၌ ခမရ(၃၅၁)၊ ခလရ(၆၀)ကဲ့သို့သော အခြေစိုက်တပ်ရင်းများရှိနေပြီး စစ်ကောင်စီအနေဖြင့် ထိုတပ်ရင်းများအား ရိက္ခာ၊ ကျည်၊ လူအင်အား ထောက်ပို့ခြင်း၊ နယ်မြေစိုးမိုးရေးများအတွက် စစ်အင်အားထပ်မံ တိုးမြှင့်ရန်ကြိုးပမ်းနေခြင်းဖြစ်ကြောင်း အခြား ဒေသတွင်းသတင်းရင်းမြစ်တဦးကလည်း ပြောသည်။

ဇွန်လ ၆ ရက်နေ့ကဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၄၀ ဦးသေဆုံး၍ ၁၂ ဦးထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း၊ တပ်မဟာ (၃) KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့များဘက်မှ ရဲဘော်လေးဦးကျဆုံး၍ ၁၃ ဦး ထိခိုက်ဒဏ် ရာရခဲ့ကြောင်း KNU ဗဟိုက ယနေ့ ဇွန်လ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲများအတွင်း  G-3 တလက်၊ MA-1 တလက်၊ MA-3 တလက်၊ MA-4 တလက်၊ MA ကျည်ဘောက် ၁၀ ခု၊ MA ကျည် ၃၈၄တောင့်၊ M 16 ကျည်ဘောက်တခု၊ ယူနီဖောင်းခြောက်စုံ၊ M14 မိုင်း ၆၀ လုံး၊ ကျောပိုးအိတ် ခြောက်လုံး၊ 79 လက်နက်ကြီးကျည် တလုံး၊ မိုင်းရှာစက် နှစ်စုံ၊ ယမ်းကူး ၁၅ ခု၊ မြန်မာငွေ ၄၈,၀၀၀ ကျပ်တို့အား သိမ်းဆည်းရမိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှု၊ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုတို့ကြောင့် အသက်ငါးနှစ်အ ရွယ်ကလေးနှစ်ဦးနှင့် အမျိုးသမီးသုံးဦး၊ အသက် ၅၀ အရွယ် အမျိုးသားတဦး ထိခိုက်ဒဏ်ရာရထားပြီး ဒေသခံ ၁၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း တပ်မဟာ (၃) KNLA တပ်မှူးတဦးထံမှ သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required