KBZ Pay ငွေလွှဲရာတွင် မှတ်ချက်မရေးပါက အကောင့်ပိတ်ခံရသည့် သတင်းအမှား

By JC (မဇ္ဈိမ)
08 June 2023
KBZ Pay ငွေလွှဲရာတွင် မှတ်ချက်မရေးပါက အကောင့်ပိတ်ခံရသည့် သတင်းအမှား

KBZ pay ဖြင့် ငွေလွှဲရာတွင် မှတ်ချက်(note)မရေးပါက အကောင့်ပိတ်ခံမည်ဖြစ်ကြောင်း လူမှု ကွန်ရက်တွင် ပျံ့နှံ့နေသည်။ ယင်းမှာ မှားယွင်းနေသည်။

“Kbz pay” အမည်ရှိ ဖေ့စ်ဘုတ်အကောင့်တခုတွင် “ မိမိ kpay အရင်ငွေလွဲတုန်းက Note ထည့်မရေးတဲ့ အကောင့်တွေ ဒီညစပိတ်ပါလိမ့်မည်။ မိမိ ဖုန်းနံပါတ်ကို အပိတ်မခံရအောင်။ Note update လေး လာ လုပ်ဆောင်ပေးရန်လိုပါသည်” ဟု မေလ ၁၂ ရက်နေ့တွင် စတင်ဖြန့်ဝေခဲ့သည်။ 
နောက်ပိုင်းတွင်လည်း ငွေလွှဲသည့်အခါ မှတ်ချက်မရေးပါက အကောင့်ပိတ်ခံရမည်ဖြစ်ကြောင်းနှင့် ၎င်းထံ သို့ Note Update လာရောက်လုပ်ဆောင်ရန် ဆက်တိုက်လှုံ့ဆော်တိုက်တွန်းထားသည်။ 

ထိုမှတဆင့် လူမှုကွန်ရက်သုံးစွဲသူများအကြားတွင် Kbz pay မှ ငွေလွှဲသည့်အခါတွင် မှတ်ချက်မရေးပါက အကောင့်ပိတ်ခံရမည်ဟူသော သတင်းများပျံ့နှံ့ခဲ့သည်။ အွန်လိုင်းငွေလွှဲလုပ်ကိုင်သူများနှင့် အွန်လိုင်းဈေး ရောင်းသူအချို့သည် ဇွန်လ ၆ ရက်နေ့မှစတင်ကာ Kbz pay ဖြင့်ငွေလွှဲရာတွင် မှတ်ချက်မရေးပါက ငွေ လက်ခံမည်မဟုတ်ကြောင်း ဖော်ပြချက်များလည်း ရှိလာသည်။

မဇ္ဈိမအနေဖြင့် အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ စိစစ်ရာတွင် KBZ pay မှတဆင့် ငွေလွှဲရာတွင် မှတ်ချက်မရေးပါက အကောင့်ပိတ်ခံရသည်ဆိုခြင်းမှာ မှားယွင်းနေကြောင်း တွေ့ရသည်။ 

KBZ pay အား ဖေ့စ်ဘုတ်မှ တရားဝင်အသိအမှတ်ပြုသည့် အပြာရောင်အမှတ်အသားပါ စာမျက်နှာတွင် ဖော်ပြထားသော “KBZ pay အကောင့်လုံခြုံရန် လိုက်နာရမည့်နည်းလမ်း” ဟူသည့် ဖော်ပြမှုအောက်တွင် KBZ pay သုံးစွဲသူတဦးက မှတ်ချက်မရေးပါက အကောင့်ပိတ်ခံရသည်မှာ အမှန်ဟုတ်မဟုတ် မေးမြန်းရာ တွင် “Note မရေးရင်ပိတ်တယ်ဆိုတာ မရှိပါဘူးရှင်” ဟု KBZ pay တရားဝင်စာမျက်နှာမှ ပြန်လည်ဖြေ ကြားထားသည်ကို တွေ့ရသည်။

အခြား KBZ pay သုံးစွဲသူတဦးက ငွေလွှဲသည့်အခါ Note ရေးရန်မေ့သွားပါက မည်သို့ဖြစ်မည်ကို မေးမြန်း ထားရာတွင်လည်း Note သည် ငွေလွှဲမှတ်တမ်းများကို အလွယ်တကူ ပြန်လည်စိစစ်ရန်အတွက် ထည့် သွင်းထားခြင်းသာဖြစ်ကြောင်း KBZ pay မှ ပြန်လည်ဖြေကြားထားသည်။
လင့် - t.ly/vwaNY

ငွေလွှဲလုပ်ငန်းလုပ်ကိုင်နေသူတဦးအား မဇ္ဈိမက အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ မေးမြန်းရာတွင် လည်း အကောင့်ပိတ်ခံရသည်မှာ Note ရေးခြင်း၊ မရေးခြင်းနှင့်သက်ဆိုင်မှုမရှိဘဲ ဗဟိုဘဏ်မှ ညွှန်ကြား သည့်အကောင့်ဖြစ်ပါက ပိတ်ခံရမည်သာဖြစ်ကြောင်း ပြောသည်။
“note မပါလည်း ငွေလက်ခံတယ် ဘာမဖြစ်ဘူး။ အဓိကက သူတို့က အခုမှထပ်ဖွင့်တဲ့ အကောင့်အသစ် တွေ ငွေဝင်များလာရင် ပိတ်တတ်တယ်။ အမှန်က note နဲ့ မဆိုင်ဘူး note မရေးလို့ အကောင့်ပိတ်တာမျိုး မဟုတ်ဘူး။ အဓိကက အရင်က ငွေသိပ်မလွှဲတဲ့အကောင့်တွေ အခုမှဘာကြောင့် ငွေအများကြီးဝင်နေတာ အဲဒီလိုတွေပေါ့။ ဗဟိုဘဏ်နဲ့ငြိနေတယ်ဆိုပြီး ပိတ်တာ” ဟု ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေသူတဦးက မဇ္ဈိမ ကို ပြောသည်။

ထိုသို့ Note Update ဝန်ဆောင်မှုပေးမည့် Kbz Pay အကောင့်သို့ သွားရောက်မေးမြန်းခဲ့ သူတဦးကလည်း ထိုဝန်ဆောင်မှုအတွက် ဖုန်းနံပါတ်၊ အမည်နှင့် မှတ်ပုံတင်နံပါတ်များ ဆောင်းဆိုခဲ့ကြောင်းနှင့် တဆက် တည်းတွင် လျှို့ဝှက်ထားရမည့် ဂဏန်းခြောက်လုံးပါ တခါသုံးနံပါတ်ကို ထိုပေ့ချ်မှ တောင်းဆိုခဲ့ကြောင်း ဆိုသည်။ 
ထို နံပါတ်ကို ပိုင်ရှင်မဟုတ်ဘဲ အခြားသူရရှိမည်ဆိုပါက ထိုဘဏ်အကောင့်နှင့်အတူ ငွေများပါ ဆုံးရှုံးမည် ဖြစ်သည်။ 

Kbz pay အမည်ရှိအကောင့်သည် ယခင်ကလည်း KBZ special အကောင့်ပြောင်းကြရန်နှင့် Special အကောင့်သို့ အဆင့်မြှင့်တင်ခြင်း မလုပ်ဆောင်ပါက အကောင့်ပိတ်ခံရမည်ဖြစ်ကြောင်း ဖော်ပြခဲ့ဖူးသည်။
လင့် - t.ly/e4p9

အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ KBZ pay တွင် Special အကောင့်လုံးဝမရှိကြောင်း၊ လျှို့ဝှက် PIN နံပါတ်နှင့် တခါသုံး OTP Code များအား အခြားသူများကိုမျှဝေခြင်းမပြုလုပ်ကြရန်နှင့် KBZ pay ဝန်ထမ်း များသည် မည်သည့်ဆိုရှယ်မီဒီယာတွင်မှ ဝန်ဆောင်မှုမပေးကြောင်း KBZ pay ၏ အပြာရောင်အမှတ် အသားပါ တရားဝင်စာမျက်နှာတွင် မေလ ၂၈ ရက်နေ့က ထုတ်ပြန်ထားသည်။
လင့် - t.ly/Zedm

ထို့ကြောင့် KBZ pay ဖြင့် ငွေလွှဲရာတွင် မှတ်ချက်မရေးပါက အကောင့်ပိတ်ခံရသည်မှာ မှားယွင်းနေပြီး မိမိ KBZ pay အကောင့်၏ တခါသုံး PIN နံပါတ်နှင့် လျှို့ဝှက်နံပါတ်များအား အခြားသူများအား မျှဝေခြင်း မပြုလုပ်ကြရန် တိုက်တွန်းလိုက်ရပါသည်။ 

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly