မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုး၀င်ရောက်သွားတဲ့ ကျေးရွာတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဇွန်လ ၁ ရက်နေ့မှာ နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကောင်စီတပ်က မတ္တရာမြို့နယ်နဲ့ စဥ့်ကူးမြို့နယ်အတွင်းက ကျေးရွာတွေကို မေလ ၂၁ ရက်နေ့က စပြီး စစ်ကြောင်းထိုး၀င်ရောက်ခဲ့တာပါ။
အဲ့ဒီ့နောက်မှာတော့ စဉ့်ကူးမြို့နယ်အတွင်းက ကျေးရွာတွေဖြစ်တဲ့ ကြက်တူရွေး၊ ဟင်္သာမ၊ သဲအင်း၊ ကျွန်းကြီးနဲ့ မြစ်ကမ်းကြီးကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။
အဲ့ဒီလို စစ်ကြောင်းထိုး ၀င်ရောက်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား မေလ ၂၅ ရက်နေ့က စတင်ကာနှစ်ရက်ကြာ ထိတွေ့တိုက်ပွဲတွေလည်း ဖြစ်ပွားခဲ့ပြီး လေကြောင်းအသုံးပြု တိုက်ခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။
ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူတွေလည်း များပြားခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ် ၀င်ရောက်ခဲ့တဲ့ ကျေးရွာတွေဟာ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဒေသခံပြည်သူများစွာ ဘေးလွတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
စာတည်း - သန့်ဇော်(သန်လျင်)