အာဏာသိမ်းစစ်ကောင်စီ ဘယ်လိုအကျပ်အတည်းတွေ ရင်ဆိုင်နေရလဲ | သတင်းသုံးသပ်ချက်

By မဇ္ဈိမ 
06 June 2023
အာဏာသိမ်းစစ်ကောင်စီ ဘယ်လိုအကျပ်အတည်းတွေ ရင်ဆိုင်နေရလဲ | သတင်းသုံးသပ်ချက်

စစ်ကောင်စီကို လက်နက်ကိုင်ပြီးတော်လှန်တဲ့ လက်ရှိအခြေအနေဟာ ခုခံတွန်းလှန်စစ်ကနေ အကြိုထိုးစစ်ဆင်တဲ့ အဆင့်ကို ရောက်လာပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ - NUG တာဝန်ရှိသူတွေက ဆိုပါတယ်။

အခုဇွန်လဆန်းမှာပဲ ရန်ကုန်တိုင်း စစ်ဒေသခွဲရဲ့ ပထမဆုံးတပ်ရင်း ဖွဲ့စည်းလိုက်ပြီလို့ NUG က ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် NUG ရဲ့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကိုယ်တိုင် ပဲခူးတိုင်းကိုလာရောက်ပြီး ဒေသ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တွေ့ဆုံအားပေးစကား ပြောခဲ့ပါသေးတယ်။ ဒီအခြေအနေက စစ်ကောင်စီရဲ့ နယ်မြေစိုးမိုးမှု အင်အား ဘယ်လောက်လျော့နည်းလာပြီဆိုတာ ပြသနေတယ်ဆိုတဲ့ သုံးသပ်မှုတွေ ရှိနေပါတယ်။

တပြိုင်နက်ထဲမှာပဲ စစ်ကိုင်းဖိုရမ်ဆိုတဲ့ နာမည်နဲ့ စစ်ကိုင်း ၂၈ မြို့နယ်က တော်လှန်ရေးအင်အားစု အများစု ပါဝင်တဲ့ လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေ၊ တော်လှန်ရေးအင်အားစုတွေ စုဝေးကြတာ တွေ့ရပါတယ်။ အဲဒီဖိုရမ်အပြီးမှာ စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းအတွင်းမှာ အပြင်းအထန် ထိုးစစ် ဆင်လာခဲ့ပါတယ်။

ပြီးတော့ KNU ထိန်းချုပ်နယ်မြေတွေ၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ်တွေမှာလည်း စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေ၊ ပူးပေါင်းတိုင်းရင်းသား တပ်တွေရဲ့ တိုက်ပွဲတွေ ရှိနေပြီး စစ်ကောင်စီက အင်အား အများအပြား အသုံးပြုနေရတာ သတင်းတွေအရ သိရပါတယ်။

တစ်ခါ တရုတ်ရဲ့ ကြားဝင်မှုနဲ့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့် - MDAA၊ တအာင်းပလောင် - TNLA နဲ့ ရက္ခိုင့်တပ်တော် - AA တို့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟာ ၃ ရက်အစား ၂ ရက်နဲ့ ပြီးဆုံးသွားပြီးတဲ့ နောက်မှာပဲ ရှမ်းပြည်မြောက်ပိုင်းမှာ MDAA နဲ့ စစ်ကောင်စီတပ်တွေရဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

စစ်ကောင်စီတပ်တွေမှာ အင်အားဘယ်လောက်ရှိတယ် ဆိုတာ အတိအကျ မသိရပေမယ့် NUG ရဲ့ ကာကွယ်ရေးအခြေပြ စာတမ်းထဲမှာတော့ အင်အား ၂ သိန်းခွဲအောက်အထိ ကျဆင်းနေပြီလို့ ဆိုထားပါတယ်။

အခုလက်ရှိအချိန်မှာ စစ်ကောင်စီဟာ မြန်မာနိုင်ငံအနံှ့အပြားကို ဖြန့်ကျက် စစ်မျက်နှာ ဖွင့်ထားရပြီး နေရာတိုင်းမှာ ရန်သူဆိုတာလိုမျိုး အနေအထား ဖြစ်နေပါပြီ။

လက်နက်အင်အားအရတော့ စစ်ကောင်စီဟာ သူ့ရဲ့ နေပြည်တော် စစ်ရေးပြပွဲတွေမှာ ခေတ်မီလက်နက် ဆန်းတွေ အလုံးအရင်းနဲ့ ပြသလေ့ရှိတဲ့အတွက် လက်နက်အင်အား သာလွန်မှုကတော့ ကာကွယ်ရေး တပ်ဖွဲ့တွေ၊ မဟာမိတ်တိုင်းရင်းသား တပ်တွေထက် အဆပေါင်းများစွာ သာလွန်နေတာ ငြင်းလို့မရပါဘူး။

ဒါပေမယ့် လက်နက်အင်အားနဲ့ ရင်းမြစ်တွေ အများကြီးရှိနေတယ် ဆိုတာနဲ့ ရှိတဲ့အရာတွေကို တကယ်ပဲ ဗျူဟာမြောက် အသုံးပြုနိုင်တယ်ဆိုတာ ကွာခြားတယ်လို့ ဝါရှင်တန်ဒီစီ အခြေစိုက် မြန်မာ့အရေး ကျွမ်းကျင်သူ ဝါရင့်သုတေသီ ဒေါက်တာ မိုက်ကယ်မာတင်က ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။

ဒေါက်တာ မိုက်ကယ်မာတင်ရဲ့ လေ့လာချက်အရ စစ်ကောင်စီတပ်တွေ အကျအဆုံးများနေတာ၊ ကျဆုံး တပ်ဖွဲ့တွေနေရာမှာ တပ်သားသစ် အစားမထိုးနိုင်တာ၊ တချို့တပ်သားတွေက တိုက်ပွဲ အတွေ့အကြုံ အတော်လေး နည်းပါးတာတွေ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တခြားသော စစ်ရေးကျွမ်းကျင်သူ၊ မြန်မာ့အရေး ကျွမ်းကျင်သူပညာရှင်တွေ သုံးသပ်သလိုပဲ စစ်ကောင်စီ တပ်သားတွေဟာ စိတ်ဓာတ်အင်အား လျော့ကျနေပြီး ယုံကြည်ချက်မရှိတာ၊ ရိက္ခာကအစ ထောက်ပံ့မှု အားနည်းတာ တွေ့နေရပြီး သမိုင်းတလျှောက် မကြုံဘူးတဲ့ ဘက်ပြောင်းမှုမျိုးကလည်း ရှိနေတာ ဖြစ်တယ်လို့ ဒေါက်တာမာတင်က သုံးသပ်ပါတယ်။   

အရင် ဆယ်စုနှစ်တွေတုန်းကလို မဟုတ်ဘဲ စစ်ကောင်စီ တပ်တွေဟာ မြန်မာနိုင်ငံအနှံ့အပြားကို ဖြန့်ကျက်တိုက်ခိုက် နေရတဲ့အပြင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စတဲ့ မြို့ကြီးတွေက ခုခံ တွန်းလှန်စစ်တွေ၊ ပြောက်ကျား တိုက်ခိုက်မှုတွေပါ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ရန်ကုန်မှာဆိုရင် စစ်ကောင်စီ အာဏာသိမ်းပြီးချိန်ကနေ နှစ်နှစ်ကျော် ကာလအတွင်း စစ်ကောင်စီဒေါက်တိုင် တွေ တိုက်ခိုက်ခံရတာ အကြိမ် ၂၀၀၀ ကျော်ရှိတယ်လို့ NUG က ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ အဲဒီလို တိုက်ခိုက်ခံရတဲ့ အထဲမှာ ဒုဗိုလ်မှူးကြီးအဆင့်တွေ အထိ ပါဝင်လာပါတယ်။

စစ်ကောင်စီတပ်တွေ လေကြောင်းအသုံးပြု တိုက်ခိုက်တာ၊ အဝေးပစ် လက်နက်ကြီးတွေ အသုံးပြုလာတာ ဟာလည်း စစ်ကောင်စီဘက်က မြေပြင်အင်အား လျော့နည်းကျဆင်းနေတာကို ပြသနေပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီဟာ နိုင်ငံအနှံ့ စစ်ရေးဖိအားတွေ အပြင်၊ နိုင်ငံတကာမှာ ဝင်ဆံ့နိုင်မှု မရှိဘဲ အထီးကျန်နေတာ၊ တိုင်းပြည်စီးပွားရေးကို မထိန်းချုပ်နိုင်တာ၊ နိုင်ငံတကာရဲ့ ဖိအားမျိုးစုံကို ရင်ဆိုင်နေရတာ စတဲ့ အကျပ်အတည်းတွေနဲ့ ရပ်တည်မှုနေရာ ကျဉ်းမြောင်းသထက် ကျဉ်းမြောင်းလာပြီ ဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly