Yangon UG Association မှ "ရန်ကုန်အတွက် အတို ၂ လက်" ကမ်ပိန်းပြုလုပ်

By ဂန္ဒမာ (မဇ္ဈိမ)
06 June 2023
Yangon UG Association မှ "ရန်ကုန်အတွက် အတို ၂ လက်" ကမ်ပိန်းပြုလုပ်

မြို့ပြပြောက်ကျား ၁၆ ဖွဲ့ဖြင့်ဖွဲ့စည်းထားတာ ရန်ကုန်တွင် စစ်ဆင်ရေး မစ်ရှင်များဖော်ဆောင်နေသည့် Yangon UG Association မှ "ရန်ကုန်အတွက် အတိုနှစ်လက်" ကမ်ပိန်းပြုလုပ်နေကြောင်း သိရသည်။

"သေနတ်တစ်လက်အတွက် မြန်မာငွေနဲ့ဆို သိန်း၆၀ ကျော်ကျတယ်၊ သယ်ယူပို့ဆောင်စရိတ်နဲ့ဆို ၇၀ ကနေ ၇၅ သိန်းထိ မှန်းပါတယ်။ နှစ်လက် အတွက်ဆို သိန်း ၁၅၀ မျှော်လင့်ပါတယ်။ ပြည့်ခြင်းမပြည့်ခြင်းကတော့ တစ်ပိုင်းပေါ့နော်။" ဟု Yangon UG Association မှ တာဝန်ခံ ဆရာကျောင်းက ပြောသည်။

Yangon UG Association(YUA)မှ ပထမဆုံးပြုလုပ်သည့် "ရန်ကုန်အတွက် အတိုနှစ်လက်"ကမ်ပိန်းတွင် ရန်ပုံငွေ ရှာဖွေရေး အဖွဲ့အစည်းများဖြစ်သော To Comrades - ရဲဘော်များသို့ ၊ Pann Sine - ပန်းဆိုင် ၊ Wings Of Urban Revolution နှင့် စာအုပ်ကာစရာမလိုပါ အဖွဲ့တို့မှ ပါဝင်အားဖြည့် ကူပေးနေကြောင်းလည်းသိရသည်။

To Comrades - ရဲဘော်များသို့ အဖွဲ့အနေဖြင့် "YUA အတွက် ဗျောက် နှစ်လက်" ဟူသည့်အမည်ဖြင့် ရန်ပုံ‌ငွေရှာဖွေနေပြီး Pann Sine - ပန်းဆိုင် မှလည်း "ရန်ကုန်မှာပြန်ဆုံနိုင်ဖို့ တော်လှန်ရထားစီးကြစို့" ဟူ၍ YUA ၏ ကမ်ပိန်းအတွက် ထောက်ပံ့ကူနိုင်ရန် ပရောဂျက်ပြုလုပ်ထားကြောင်း သိရသည်။

Wings Of Urban Revolutionတွင်တော့ ရောင်စုံဗျောက်များဝယ်ယူနိုင်ပြီး စာအုပ်ကာစရာမလိုပါ အဖွဲ့တွင် "ဒဏ်ရာတွေကို ကာကွယ်ဖို့ ပလာစတာလေးကပ်ကြစို့" အမည်ဖြင့် ပရောဂျက်ပြုလုပ်ကာ ရန်ပုံငွေ ရှာဖွေရေးအဖွဲ့အစည်းလေးဖွဲ့မှ YUA ၏ ကမ်ပိန်းအတွက် ကြိုးစားရှာဖွေမှုများပြုလုပ်နေကြောင်း သိရသည်။

Yangon UG Association အနေဖြင့် အဖွဲ့၏ မူဝါဒအရ ရရှိလာသည့်ငွေကြေးများကို လက်နက်ခဲယမ်းဝယ်ယူဖို့အတွက်အသုံးပြုခဲ့ပြီး ယခုတစ်ခေါက် ကမ်ပိန်းမှရရှိလာသည့် ငွေများဖြင့်လည်း သေနတ်နှစ်လက်ဝယ်ယူကာ YUA တွင်ပါဝင်သော မြို့ပြပြောက်ကျား ၁၆ ဖွဲ့အတွက် ဘုံအဖြစ်ထားရှိပြီး အဖွဲ့တိုင်းမှ ယူငင်သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြို့ပြပြောက်ကျားများအနေဖြင့် လုံခြုံရေးအရ လျှို့ဝှက်စွာနေထိုင်ရသည့်အတွက် အဖွဲ့အစည်းတစ်ခုချင်းစီအလိုက် အလှူခံရန်မဖြစ်နိုင်သော်လည်း တစ်ဖက်တွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့များ၊ ဒေါက်တိုင်များ ၊ ပတ်သက်ဆက်နွယ်သူများကိုလည်း ရှင်းလင်းမှုများပြုလုပ်ရန် ကုန်ကျစရိတ်အခက်အခဲများ ၊ လိုအပ်ချက်များရှိနေသဖြင့် ပြည်သူများအနေဖြင့် မြို့ပြတွင် မစ်ရှင်များဖော်ဆောင်နိုင်ရန် ကူညီထောက်ပံ့မှုများပြုလုပ်ရန် လိုအပ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly