မြင်းမူမြို့နယ်ရှိ  Non CDM ပညာရေးဝန်ထမ်းများအား အရေးယူမည်ဟု ပအဖ သတိပေး

By ပါခွီး (မဇ္စျိမ)
04 June 2023
မြင်းမူမြို့နယ်ရှိ  Non CDM ပညာရေးဝန်ထမ်းများအား အရေးယူမည်ဟု ပအဖ သတိပေး

စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသာ Non CDM ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအားလုံး ထိုက်သင့်သော ပြစ်ဒဏ်များဖြင့် အရေးယူ စီရင်ခြင်းခံရမည်ဖြစ်ကြောင်း ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (မြင်းမူ) က ဇွန်လ ၂ရက်နေ့တွင် သတိပေးထုတ်ပြန်သည်။

 ဇွန်လ ၁ရက်နေ့မှစ၍ စစ်ကောင်စီလက်အောက်ရှိ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နေပြီဟု ကြားသိရကြောင်း၊  ယင်းစာသင်ကျောင်းများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများသည်လည်း အကြမ်းဖက်စစ်ကောင်စီ နည်းတူ ရာဇဝတ်မှုကျူးလွန်နေကြသူများဟု သတ်မှတ်နိုင်ကြောင်းဆိုသည်။

“အခု မြန်မာပြည်ထဲမှာဗျာ နေစရာ ၊အိပ်စရာ မရှိ ၊ စားစရာခက်ခဲ ၊ ဝတ်စရာခက်ခဲတဲ့ ကျောင်းသူ ၊ ကျောင်းသား မြောက်မြားစွာရှိပါတယ်။  စစ်ဘေးရှောင်နေကြရတဲ့ တစ်တိုင်းပြည်လုံး အတိုင်းအတာမှာ အဲဒီလိုရှိနေတဲ့ ကလေးတွေရဲ့မျက်နှာကိုမှ မထောက် ပြည်သူ့ အစိုးရနဲ့လည်း မပူးပေါင်းဘဲ စစ်ကောင်စီရဲ့ ယန္တရားလည်ပတ်ဖို့အတွက် လုပ်ဆောင်နေတဲ့ Non CDM တွေကို အရေးယူဖို့ရှိပါတယ်” ဟု မြင်းမူ ပကဖ တာဝန်ရှိသူတစ်ဦးက မဇ္စျိမကိုပြောသည်။

အရေးယူရာတွင် အဆိုပါ၀န်ထမ်း၏ လုပ်ဆောင်မှု နှင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေပေါ် မူတည် စဥ်းစားကာ ထိုက်သင့်သည့် အပြစ်ဒဏ်ပေးမည်ဖြစ်ကြောင်း ၎င်းကဆိုသည် ။ 

အရေးယူဆောင်ရွက်သွားမည့် ပုံစံနှစ်မျိုးမှာ  လူမှုရေး အပြစ်ဒဏ်ပေးခြင်းနှင့် စစ်ကောင်စီနှင့် ပတ်သက်ခြင်းမရှိတော့ကြောင်း ခံဝန်ကတိထိုးကာ ပြည်သူ့အစိုးရ ဖွင့်လှစ်သည့် ကျောင်းတွင် တာ၀န်ထမ်းဆောင်စေခြင်း ဖြစ်ကြောင်း သိရသည်။ 

ထို့ပြင် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် စစ်ကောင်စီအား ကြေညာထားပြီး ဖြစ်ရာ ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်သူများကို အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ၅၂(က) အရေးယူမည်ဖြစ်ကြောင်း သိရသည်။ 

စစ်ကောင်စီတပ်သည် မတရားအာဏာသိမ်းသည့်နေ့မှစ၍ ပြည်သူများအား အစုလိုက်၊အပြုံလိုက် ရက်ရက်စက်စက်သတ်ဖြတ်ခြင်း ၊ မတရားဖမ်းဆီးထောင်ချခြင်း၊ ကျေးရွာများ မီးရှို့ဖျက်ဆီးခြင်း စသည့် ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်နေသော အကြမ်းဖက်အဖွဲ့အစည်းဖြစ်ကြောင်း မြင်းမူ ပအဖ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိဘပြည်သူများအနေဖြင့် မိမိတို့၏ ရင်သွေးအနာဂတ်အတွက် စစ်ကောင်စီလက်အောက်ရှိစာသင်ကျောင်းများတွင် ပညာသင်ကြားစေခြင်းမပြုဘဲ တော်လှန်ရေးတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ကြရန်လည်း တိုက်တွန်းနှိုးဆော်ထားသည်။

 မြင်းမူမြို့နယ်တွင် မူလတန်း ၊ အလယ်တန်းနှင့် အထက်တန်းကျောင်း သုံးကျောင်းရှိ ပြီး CDM ပြုလုပ်ထားသူ ဆရာ၊ ဆရာမနှင့် ဝန်ထမ်း ဦးရေ ၆၀၀ ဝန်းကျင်ခန့်ရှိကြောင်း သိရှိရသည်။
မြင်းမူမြို့နယ်အတွင်းအမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာန လက်အောက်တွင် KG အဆင့်မှ အထက်တန်းအထိ ကျောင်း ၆၅ ကျောင်းဖွင်လှစ် ထားပြီး လတ်တလောတွင် ပညာအခြေခံပြီးဆုံးကြောင်း စာမေးပွဲများဖြေဆိုလျက်ရှိကာ အရည်အချင်းစစ်စာမေးပွဲများကိုလည်း သတ်မှတ်ထားသည့် အချိန်ဇယားများအတိုင်း ပုံမှန်ကျင်းပလျက်ရှိနေကြာင်း ပြည်သူအုပ်ချုပ်ရေးအဖွဲ့ ထံက သိရှိသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly