ခင်ဦးမြို့တွင် အသက် ၆၆ နှစ်အရွယ် စစ်ရှောင်အမျိုးသမီး အမောဖောက်သေဆုံး

By 001 (မဇ္စျိမ)
04 June 2023
ခင်ဦးမြို့တွင် အသက် ၆၆ နှစ်အရွယ် စစ်ရှောင်အမျိုးသမီး အမောဖောက်သေဆုံး
Photo - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အသက် ၆၆ နှစ်အရွယ် အမျိုးသမီးတဦး စစ်ဘေးရှောင်ရင်း အမောဖောက်သေဆုံးသွားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

သေဆုံးသူမှာ ခင်ဦးမြို့နယ် မရမ်းအင်းကျေးရွာမှ ဒေါ်ခင်မြဝင်း (၆၆ နှစ်)ဖြစ်ပြီး ဇွန်လ ၂ ရက်နေ့က စစ် ဘေးရှောင်ခဲ့ခြင်းဖြစ်ပြီး ယနေ့ ဇွန်လ ၄ ရက် နံနက်အစောပိုင်းတွင် အမောဖောက်ပြီးသေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

“ရှောင်တဲ့နေရာမှာဆုံးလို့ အဲဒီရွာမှာပဲ သင်္ဂြိုဟ်ထားခဲ့တာ”ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်က အင်အား ၁၀၀ ကျော်ဖြင့် ဇွန်လ ၁ ရက်နေ့မှစတင်ကာ စစ် ကြောင်းထိုးနေသည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး ယနေ့ ဇွန်လ ၄ ရက်နံနက်ပိုင်း တွင် ယင်းစစ်ကောင်စီတပ်ဖွဲ့က ကံသစ်ကျေးရွာအတွင်းသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ် ဝင်ရောက်နေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

လက်ရှိတွင် အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ကံသစ်ကျေးရွာအတွင်း ဝင်ရောက်နေသည့်အတွက် ကံသစ်၊ မြစ်တော်၊ ကံသာယာ၊ ဂွေးကုန်း၊ နှောကုန်း၊ မကျည်းတုံကုန်းစသည့်ရွာများမှ ဒေသခံ ၃,၀၀၀ ဝန်း ကျင် စစ်ဘေးရှောင်နေရကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
ကံသစ်ကျေးရွာတွင် ပြီးခဲ့သည့် မေလ ၂၀ ရက်ဝန်းကျင်ကလည်း စစ်ကောင်စီစစ်ကြောင်း ဝင်ရောက် ပြီးနောက် အိမ်ခြေ ၂၀၀ နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ခင်ဦးမြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့က သရက်ကုန်းကျေးရွာမှ အသက် ၉၀ ကျော် အဘွားအို တဦး စစ်ဘေးရှောင်ရင်းအအေးမိသေဆုံးခဲ့ကာ၊ ဧပြီလအတွင်းကလည်း အင်းပတ်ရွာမှ အဘွားအိုတဦး စစ်ရှောင်ရင်းသေဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူကပြောသည်။
အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းမှာ အများဆုံးစစ်‌ဘေးရှောင်နေရပြီး စစ်ဘေးဒုက္ခသည်ပေါင်း ၁,၃၇၄,၀၀၀ကျော် ရှိလာပြီဖြစ်ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု( ISP Myanmar )က ဧပြီလအတွင်းက ထုတ်ပြန်ထားသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly