မြန်မာ့ စွမ်းအင်ကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက စစ်ကောင်စီအတွက် လောင်စာဖြည့်ပေးနေ

 မြန်မာ့ စွမ်းအင်ကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက စစ်ကောင်စီအတွက် လောင်စာဖြည့်ပေးနေ

မြန်မာအာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ငွေအများစုကို စွမ်းအင်ကဏ္ဍမှ ရရှိနေသည်။

ယင်းသည် လွတ်လပ်ပြီး ဘက်မလိုက်သည့်၊ အစိုးရမဟုတ်သော think tank အဖွဲ့တစ်ခုဖြစ်သည့် မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒ အင်စတီကျူ့ (ISP Myanmar) ၏ မေ ၃၁ ရက်ထုတ် အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြသည့် လေ့လာတွေ့ရှိချက်ဖြစ်သည်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာ၏ စွမ်းအင်ကဏ္ဍသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၄ ဘီလီယံနီးပါးကို လက်ခံရရှိခဲ့ပြီး ယင်းသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နှစ်နှစ်အတွင်း ဝင်ရောက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစုစုပေါင်း ပမာဏ၏ ၇၀ ရာခိုင်နှုန်းကျော် ဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် တရုတ်သည် မြန်မာ၌ ရင်းနှီးမြှုပ်နှံမှု အများဆုံး လုပ်ဆောင်ထားပြီး တရုတ်နောက်တွင် အာဆီယံနိုင်ငံများနှင့် ဂျပန်နိုင်ငံတို့ ရှိနေသည်ဟု အစီရင်ခံစာအရ သိရသည်။

Think tank အဖွဲ့၏ အစီရင်ခံစာအရ ၂၀၂၁ ဖေဖေါ်ဝါရီနှင့် ၂၀၂၃ မတ်လအကြား ကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံကျော်ပမာဏကို မှတ်တမ်းတင်ထားကြောင်း သိရသည်။ အဆိုပါ များပြားသော ရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ထက်ဝက်ကျော်သည် တရုတ်ထံမှ ဝင်ရောက်ခြင်းဖြစ်သည်။

တရုတ်သည် မြန်မာတွင် သိသာများပြားသည့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားပြီး ဒေါ်လာ ၃ ဘီလီယံကို ကျော်လွန်ထားကြောင်း အစီရင်ခံစာအရ သိရသည်။ ယင်းကိန်းဂဏန်းတွင် ဒေါ်လာ သန်း ၂၀၀ ကျော်လွန်သည့် ဟောင်ကောင်၏ ထည့်ဝင်ရင်းနှီးမြှုပ်နှံမှုလည်း လွှမ်းခြုံပါဝင်သည်။ တရုတ်အပြင် ဂျပန်သည်လည်း ဒေါ်လာသန်း ၅၀၀ ကျော် ရင်းနှီးမြှုပ်နှံထားသလို အာဆီယံနိုင်ငံများသည်လည်း ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံကျော်ရှိ များပြားလှသော ပမာဏတစ်ရပ်ကို ရင်းနှီးမြှုပ်နှံထားသည်။

သို့သော် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေက ယိုယွင်းဆိုးရွားထားခဲ့ကြောင်း ISP Myanmar က မှတ်ချက်ပြုသည်။ အာဏာသိမ်းမှု မတိုင်မီ ကာလနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံကို ကျော်လွန်ခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီကို ဆန့်ကျင်သော တက်ကြွလှုပ်ရှားသူများက မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းအပေါ် ဒဏ်ခတ်အရေးယူမှုများ ချမှတ်ရေး တက်ကြွစွာ စည်းရုံးလှုံဆော် တိုက်တွန်းလျက် ရှိသည်။ မြန်မာ့ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်းသည် စစ်အုပ်စုအတွက် အဓိက ဝင်ငွေရင်းမြစ်အဖြစ် ပံ့ပိုးပေးနေသည်။

 

Foreign investment in Myanmar's energy sector fuels military junta

https://www.mizzima.com/article/foreign-investment-myanmars-energy-sector-fuels-military-junta

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required