မေလအတွင်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၄,၀၀၀ ကျော် မီးလောင်ဆုံးရှုံး

By 001 (မဇ္စျိမ)
04 June 2023
မေလအတွင်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၄,၀၀၀ ကျော် မီးလောင်ဆုံးရှုံး

၂၀၂၃ ခုနှစ် မေလအတွင်း စစ်ကောင်စီတပ်က တိုင်းနှင့် ပြည်နယ်များတွင် နေအိမ်အလုံး ၄,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ မီးသတ်ဦးစီးဌာနက ဇွန်လ ၃ ရက် နေ့က ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် မီးရှို့ဖျက် ဆီးခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်းမှာ နေအိမ်အလုံးပေါင်း ၃,၀၀၃ လုံးအထိ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း မီးသတ်ဦးစီးဌာနက ဖော်ပြသည်။

အဆိုပါ တိုင်းနှင့်ပြည်နယ်များတွင် မေလအတွင်းမီးရှို့ဖျက်ဆီးခံရမှုအကြိမ်ရေ ၁၀၀ ကျော်ရှိခဲ့ပြီး စစ်ကိုင်း တိုင်းတွင် အရပ်သား ရှစ်ဦး၊ ပဲခူးတိုင်းတွင် ၁၈ ဦး၊ မန္တလေးတိုင်းတွင် နှစ်ဦး မီးရှို့သတ်ဖြတ်ခံခဲ့ရကြောင်း လည်းဆိုသည်။

ယခုဇွန်လဆန်းတွင်လည်း စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင် ရောက်ခဲ့ပြီး ရွာသစ်ကျေးရွာနှင့် ကျီးအိုင်ကျေးရွာမှ နေအိမ်ရှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ကာ ဇွန်လ ၁ ရက်နေ့ တွင် ရွာသစ်ကျေးရွာမှ အသက်(၅၀)ကျော်အရွယ် အမျိုးသားတစ်ဦးမီးရှို့သတ်ခံခဲ့ရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“စားရေးသောက်ရေးကတော့ ဆန်တပြည်ကို သုံးလေးထောင် ပေးရတာလေ။ ပဲကောက်လိုက်မှ တမနက် ၃,၀၀၀ ရတာ။ ဆန်တပြည်ဖိုးကို မရှိဘူး။ ပဲခင်းတွေကလည်း ရေနစ်သွားတာဆိုတော့ နေဖို့ထိုင်ဖို့ မပြောနဲ့ စားဖို့သောက်ဖို့ကို မလွယ်ဘူး။ သူတို့ကိုယ်တိုင်ကလည်း မီးရှို့ခံရတာ အဆင်မပြေဘူးဆိုတော့ အခါတိုင်း ဒီဘက်ရွာလာရင် ဟိုဘက်ရွာပြေး၊ ဟိုဘက်ရွာလာရင် ဒီဘက်ရွာပြေးဆိုတော့ ထမင်းထုတ် ဝေမယ့်လူ ကျွေးမယ့်လူရှိတယ်။ အခုက ထမင်းထုတ်ဝေမယ့်လူကျွေးမယ့်လူကိုက မတတ်နိုင်ဘူးဖြစ်နေ တာ။ သူလည်း ပြာပုံကြားနေ၊ ကိုယ်လည်း ပြာပုံကြားနေပေါ့”ဟု ဆိုသည်။

စစ်ကောင်စီကြောင့် ပြီးခဲ့တဲ့ မေလအတွင်း စစ်ကိုင်းတိုင်းတွင် စာသင်ကျောင်း သုံးကျောင်း၊ ပဲခူးတိုင်းတွင် စာသင်ကျောင်းနှစ်ကျောင်းမီးလောင်ပျက်စီးခဲ့ကြောင်း လည်း NUG မီးသတ်ဦးစီးဌာနက ပြောသည်။

မီးသတ်ဦးစီးဌာနက ဖော်ပြထားသည့် စာရင်းများမှာ လွတ်လပ်သောသတင်းမီဒီယာများ၊ အရပ်ဖက် အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များနှင့် မြေပြင်ရှိပြည်သူလူထုမှပေးပို့သောအချက်အလက်များကို စိစစ်ဖော်ပြခြင်းဖြစ်ပြီး မြေပြင်တွင် ပိုမိုများပြားနိုင်ကြောင်းလည်း အသိပေးထားသည်။

အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း ၆၀,၀၀၀ ကျော်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း Data for Myanmarက ပြီးခဲ့သည့် မတ်လအတွင်းက ထုတ်ပြန်ထားသည်။

Photo - ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly