ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်ထောက်ပံ့ကြေး စာမျက်နှာအတုများ

By ZZ (မဇ္ဈိမ)
04 June 2023
ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်ထောက်ပံ့ကြေး စာမျက်နှာအတုများ

ဆိုရှယ်မီဒီယာကို လူသုံးများလာသည်နှင့်အမျှ ကောင်းကျိုးနှင့်အတူ ဆိုးကျိုးများလည်းရှိလာ သည်။ လူအများစိတ်ဝင်စားစေမည့် အကြောင်းအရာများဖြင့်ဆွဲဆောင်ပြီး မသိနားမလည်သူများကို ငွေ ကြေးလိမ်လည်အမြတ်ထုတ်မည့် ဖေ့စ်ဘုတ်စာများသည်လည်း ခေါင်းစဉ်အမျိုးမျိုးဖြင့် အမြဲပေါ်ပေါက် နေသည်။

 

ယခုဖော်ပြလိုသည့်အကြောင်းအရာမှာ ကိုယ်ဝန်ဆောင်မိခင်များကို ငွေကြေးထောက်ပံ့ကြေးပေးမည်ဟု ဆိုကာ လိမ်လည်ရန်ဖွင့်လှစ်ထားသည့် ဖေ့စ်ဘုတ်စာမျက်နှာများအကြောင်းဖြစ်သည်။

မဇ္ဈိမ၏အချက်အလက်စုဆောင်းမှုများအရ ဖေ့စ်ဘုတ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များ အားထောက်ပံ့ကြေးပေးမည်ဟုဆိုကာ ဖွင့်လှစ်ထားသည့် ဖေ့စ်ဘုတ်စာမျက်နှာ ၃၀ ခုနှင့်အထက်တွင်ရှိ နေသည်။ ထိုပေ့ချ်များတွင် ကြိုက်နှစ်သက်သူနှင့် Follow ပြုလုပ်သူအများဆုံး ၂၀၀ ကျော်အထိရှိနေ သည်။

 

ပေ့ချ်အမည်များကို “ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်ထောက်ပံ့ကြေး” ၊ “MCCT Protection in Myanmar ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးငယ်ထောက်ပံ့ကြေး” ၊ “မွေးဗိုက်နှင့်ကိုယ်၀န်ဆောင်ကလေး ငယ်များအခမဲ့ထောက်ပံ့ကြေး” ၊ “မွေးဗိုက်ထောက်ပံ့ကြေး” ၊ “မွေးဗိုက်နှင့်ကလေးငယ်ထောက်ပံ့ကြေး” ၊ “အခမဲ့ထောက်ပံကြေး” စသည်ဖြင့် အမျိုးမျိုး အသုံးပြုကြသည်။

 

ယင်းစာမျက်နှာအားလုံးသည် ယခုနှစ် ၂၀၂၃ ခုနှစ် မတ်၊ ဧပြီနှင့်‌ မေလတို့တွင် စတင်ဖွင့်လှစ်ထားခဲ့သည့် စာမျက်နှာများ ဖြစ်သည်။

 

ကိုယ်ဝန်ဆောင်နှင့် မိခင်များအတွက် ထောက်ပံ့ကြေးပေးသည့် စာမျက်နှာဟုဆိုထားသော်လည်း အခြား ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ၊ အီးမေးလ်လိပ်စာများအပြင် ရုံးတည်နေရာများကိုလည်း ဖော်ပြထား ခြင်းမရှိပေ။

 

ယင်းစာမျက်နှာများတွင် ထောက်ပံ့ကြေးပေးနေပြီဖြစ်ကြောင်းရေးသားထားကာ အကြောင်းအရာစာသား များမှာ စာမျက်နှာတခုနှင့်တခု တူညီလျက်ရှိသည်။

 

ဥပမာ “ယနေ့ရပ်ကွက်တွေမှာ ထောက်ပံ့ကျေးပေးအပ်နေပါပြီး မရသေးတဲ့သူများသာ မက်ဆေ့ကြာသို့ လာရောက်လျှောက်ထားနိုင်မည်” (မူရင်းအရေးအသားအတိုင်း) ဆိုသည့် စာသားများတူညီနေခြင်း၊ သတိ ပေးချက်ဆိုသည့် ခေါင်းစဉ်ဖြင့်စာသားများ တူညီနေသည်ကိုတွေ့ရသည်။

 

ထောက်ပံ့ကြေးလျှောက်ရာတွင် မှတ်ပုံတင်၊ မွေးစာရင်း၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင် စသည် တို့ လိုအပ်သည်ဟု ဆိုထားသည်။

 

ထိုပေ့ချ်များတွင် ထောက်ပံ့ကြေးလာယူသူများဟုဆိုကာ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များ၏ ဓာတ်ပုံ၊ မွေးစာရင်း၊ ဆေးမှတ်တမ်းများ၊ မှတ်ပုံတင်နံပါတ်များအား ဝေဝေဆာဆာဖော်ပြထားသည်ကို တွေ့ရသည်။

 

“မွေးဗိုက်ထောက်ပံ့ကြေး” ပေ့ချ်တွင်မူ မေလ ၁၃ ရက်နေ့တွင် မပိုင်သဇင်စိုးအမည်ဖြင့် အမျိုးသမီးအား ထောက်ပံ့ကြေးငွေ ၃၅၀,၀၀၀ ထောက်ပံ့ခဲ့ပြီး ဖြစ်ကြောင်း ဖော်ပြထားသည်။ သို့သော် တွဲလျက်ဖော်ပြ ထားသည့်မှတ်ပုံတင်ရှိအမည်မှာ မပိုင်သဇင်စိုး အမည်မဟုတ်ဘဲ မကြူကြူ ဖြစ်နေသည်။

လင့် - t.ly/Juug

 

ထိုအမည်ဖြင့်ပင် အခြားပေ့ချ်သုံးခုမှလည်း မပိုင်သဇင်စိုးအား ထောက်ပံ့ငွေ ၃၅၀,၀၀၀ ကျပ် ပေးအပ် လိုက်ပြီဖြစ်ကြောင်း‌ဖော်ပြထားသည်။ နှစ်ခုမှာ ကလေးမိခင်ပုံတူညီသော်လည်း “ငွေဗိုက်ကိုယ်ဝန်ဆောင် မိခင်နှင့် ကလေးထောက်ပံ့ကြေး” ပေ့ချ်တွင်မူ အခြားကလေးနှင့် မိခင်ပုံကို အသုံးပြုထားသည်။

 

ထို့ပြင် “ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးငယ်ထောက်ပံ့ကြေး” ပေ့ချ်မှ မေလ ၂၁ ရက်နေ့က ဖော်ပြထား သည့်အမျိုးသမီးပုံနှင့် “MCCT.Protection.In ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးငယ်ထောက်ပံ့ကြေး” ပေ့ချ် မှ မေလ ၂၀ ရက်နေ့တွင်ဖော်ပြထားသည့် အမျိုးသမီးပုံမှာ အတူတူပင်ဖြစ်သည်။ ထိုပုံမှာ အခြားသူများ ဖော်ပြထားသည့်ပုံများကို Screenshot ရယူထားကာ ပြန်လည်ဖော်ပြထားသည့် ပုံမျိုးဖြစ်သည်။ အမျိုး သမီးများ ထိုင်နေသည့်ပုံများ၊ ရုံးတွင်းမှပုံများသည်လည်း ပေ့ချ်တခုနှင့်တခုတူညီသည့်ပုံများကို အသုံးပြု ထားသည်။

 

မဇ္ဈိမအနေဖြင့် ယင်းပေ့ချ်များတွင် လာရောက်လျှောက်ထားသည်ဟုဖော်ပြထားသည့် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး၏ ဖုန်းအားဆက်သွယ်မေးမြန်းခဲ့ရာ “အဲဒါတွေက အလိမ်တွေအကို။ သူတို့က ပိုက်ဆံ ကြိုတောင်းတယ်။ ပထမက ၁၆,၀၀၀ အဲဒီကနေ နောက်တစ်ခေါက်ကျ ၂၅,၀၀၀ ထိ တောင်းတယ်။ အဲဒါနဲ့ ရန်ကုန်ကအသိ အန်တီကြီးကိုမေးကြည့်တော့ အဲဒါတွေက အလိမ်တွေလို့ ပြောတယ်။ ကျွန်တော်တို့က ပေးရမယ့်ပိုက်ဆံတွေကို ထောက်ပံ့ကြေးထဲကယူထားလို့ရလားမေးတော့ အဲဒီလိုမရဘူးလို့ပြောတယ်။ အခုလိုပုံတွေနဲ့တင်ထားပေမယ့် သူတို့ဆီက တပြားတချပ်မှ မထုတ်ရသေးဘူး” ဟု ၎င်း၏ ခင်ပွန်းဖြစ်သူ က ပြန်လည်ဖြေဆိုသည်။

 

ထောက်ပံ့ကြေးထုတ်ပေးရာတွင် စလစ်ဖြင့်လုပ်ဆောင်ခြင်းဖြစ်၍ စလစ်ဖိုးပေးဆောင်ရမည်ဖြစ်ကြောင်း စလစ်ဖိုး ၁၅,၀၀၀ ကျပ် ပေးဆောင်ရမည်ဟု သိရသည်။

 

ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်ထောက်ပံ့ကြေးငွေ(MCCT)အစီအစဉ်အား ၂၀၁၇ ခုနှစ် NLD အစိုးရ လက်ထက်တွင် စတင်ခဲ့သည်။ ထိုစဉ်က ထောက်ပံ့ကြေးငွေအား ၁၅,၀၀၀ ကျပ်ဖြင့် စတင်ခဲ့သည်။

လင့် - https://bit.ly/45KEtRQ

၂၀၁၇ ခုနှစ်တွင် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဧရာဝတီတိုင်းတို့တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ကရင်နှင့်ကယားပြည်နယ်၊ ၂၀၂၀ ခုနှစ်တွင် ရှမ်းပြည် နယ်တို့တွင် ဆက်လက်ထောက်ပံ့ခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

လင့် - https://bit.ly/43h2nDd

 

နောက်ထပ်ထုတ်ပြန်ချက်တွင် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းတို့မှ ကိုယ်ဝန် ဆောင်မိခင်များအား Covid-19 ကာလအတွင်း တစ်ကြိမ်လျှင် ၃၀,၀၀၀ ကျပ်ဖြင့်‌ ထောက်ပံ့ခဲ့ကြောင်း သိရသည်။

 

လင့်- https://bit.ly/42gM8o9

 

ထို့ပြင် ယခုကဲ့သို့ထောက်ပံ့ကြေးရယူရာတွင် အဆိုပါဖေ့စ်ဘုတ်စာမျက်နှာများအား အသုံးပြုခြင်းမရှိဘဲ အစိုးရကသတ်မှတ်ထားသည့် “ငွေဗိုက်” Mobile Application မှတဆင့် လျှောက်ထားရမည်ဖြစ်ကြောင်း မြဝတီသတင်းဝက်ဘ်ဆိုဒ်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဖော်ပြချက်များအရ သိရသည်။

လင့် - https://bit.ly/3qiYnDn , https://bit.ly/42gM8o9

 

ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးငယ်ထောက်ပံ့ကြေး( MMCT) မှာ ကျပ် ၁၅,၀၀၀ မှ စတင်ခဲ့ပြီး ယခုအခါ ကျပ် ၃၀,၀၀၀ သတ်မှတ်ထားပြီး ငွေကျပ် ၃၅၀,၀၀၀ ထောက်ပံ့သည် ဆိုသည်မှာ မဟုတ်မှန်ကြောင်း သိရသည်။

 

ထို့ကြောင့် လက်ရှိပေါ်ထွက်နေသည့် ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးငယ်ထောက်ပံ့ကြေး၊ မွေးဗိုက် ထောက်ပံ့ကြေး၊ MCCT Protection ln Myanmar ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်ထောက်ပံ့ကြေး အစရှိသည့် ဖေ့စ်ဘုတ်စာမျက်နှာများမှာ မသိနားမလည်သူများအား ငွေကြေးလိမ်လည်တောင်းယူနေ သည့် စာမျက်နှာများသာ ဖြစ်သည်။

 

ဖေ့စ်ဘုတ်တွင် ယခင်က မြစိမ်းရောင်ချေးငွေနှင့် ပတ်သက်သည့် စာမျက်နှာအတုများရှိခဲ့သလို KBZ နှင့် AYA Bank ပိုင်ရှင်တို့၏အမည်များဖြင့်ဖွင့်လှစ်ခဲ့သည့် ထောက်ပံ့ကြေးစာမျက်နှာအတုများလည်း ပေါ် ပေါက်ခဲ့ဖူးသည်။

 

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster

#Fake_Page

#Fake_News

 

------------------------

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly