ဖားကန့်ဒေသ ယူမာရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိ

By JC (မဇ္ဈိမ)
03 June 2023
ဖားကန့်ဒေသ ယူမာရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ယူမာကျေးရွာအနီးတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နှင့် စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ရာ KIA သုံးဦးသေဆုံးပြီး လက်နက်ခဲယမ်းများသိမ်း ဆည်းရမိခဲ့ကြောင်း စစ်ကောင်စီ ဝါဒဖြန့် ချန်နယ်များတွင် ပျံ့နှံ့နေသည်။ ယင်းမှာ မှားယွင်းနေသည်။

Ko Thet တယ်လီဂရမ်ချန်နယ်တွင် Breaking News ဟုဆိုကာ “ဇွန် ၁ ရက်နေ့ မနက် ၇ နာရီ ကချင် ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ယူမာရွာအနီးမှာ ဆက်ကြေးလာကောက်တဲ့ KIA အဖွဲ့နဲ့ တိုက်ပွဲဖြစ်ပြီး ၃ လောင်းနှင့် ၄ လက်ရတယ်။ မိမိဘက်က စစ်သည် ၁ ယောက်(စိုးရိမ်ရ)ဒဏ်ရာရ” (မူရင်းအရေးအသား အတိုင်း)ဟု ဇွန်လ ၁ ရက်နေ့က ဖော်ပြထားသည်။

အဆိုပါအကြောင်းအရာကို Ko Thet တယ်လီဂရမ်ချန်နယ်အပါအဝင် အခြားစစ်တပ်ထောက်ခံသည့် တယ်လီဂရမ်ချန်နယ် ၃၃ ခုမှ ဖြန့်ဝေထားရာ ကြည့်ရှုသူ ၁၀၆,၀၀၀ ကျော်ရှိပြီး ဖေ့စ်ဘုတ်တွင်လည်း ပျံ့နှံ့လျက်ရှိသည်။

အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ ဖားကန့်မြို့၊ ယူမာရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ရှိ၊ မရှိ ဒေသခံများအား ဆက်သွယ်မေးမြန်းခဲ့ရာ မည်သူမျှ တိုက်ပွဲသံမကြားသကဲ့သို့ KIA တပ်ဖွဲ့မှ ယခုရက် ပိုင်းတွင် အခွန်လာရောက်ကောက်ခံခြင်း မရှိကြောင်း ပြောသည်။

“ဟိုနေ့က သတင်းတက်လာတာတော့ တွေ့တယ်။ ရွာထဲမှာနေတာ ဘာသံမှမကြားပါဘူး။ ကျနော်တို့ အသံကြားတာလည်းမရှိဘူး၊ တွေ့လည်း မတွေ့ဘူး။ ခါတိုင်းဖြစ်ရင် ရွာထဲကလူတွေ အကုန်လုံးကြားရ တယ်လေ။ ရွာထဲမှာ မသိစရာ အကြောင်းမရှိဘူး” ဟု ယူမာရွာတွင် နေထိုင်သည့် ဒေသခံတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

KIA တပ်ဖွဲ့သည် တနှစ်လျှင်တကြိမ်သာ အကောက်အခွန်လာရောက်ကောက်ခံလေ့ရှိသော်လည်း ကြား ရက်များတွင် လာရောက်ကောက်ခံလေ့မရှိကြောင်းနှင့် ယခုရက်ပိုင်းတွင် ယူမာကျေးရွာသို့ လာရောက် ခြင်းမရှိကြောင်း ဆိုသည်။

KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကလည်း ဖားကန့်တွင်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု အကြောင်း ကြားထားခြင်းမရှိကြောင်းနှင့် လော်ဘီများမှ သတင်းဖြန့်ဝေခြင်းဖြစ်နိုင်ကြောင်း ဆိုသည်။

“ကျနော်တို့ကတော့ အဲဒီမှာ(ဖားကန့်)တိုက်ပွဲဖြစ်တယ်လို့ သတင်းမရဘူး။ ရွှေကူဘက်မှာ တိုက်ပွဲဖြစ်တာ တော့ရှိပါတယ်။ ဖားကန့်ဘက်ကတိုက်ပွဲတော့(သတင်း)မရဘူးခင်ဗျ။ လော်ဘီသတင်းတွေ ဖြစ်နိုင်တာ ပေါ့နော်”ဟု ဗိုလ်မှူးကြီးနော်ဘူကမဇ္ဈိမ ကိုပြောသည်။

ယူမာရွာအနီးတွင်နေထိုင်သည့် အခြားဒေသတွင်း သတင်းရင်းမြစ်တဦးမှလည်း အဆိုပါ တိုက်ပွဲဖြစ်ပွား သည့်သတင်းမှာ သတင်းမှားသာဖြစ်ပြီး KIA နှင့် စစ်ကောင်စီတပ်တို့ကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ ရှိသော်လည်း ယခုရက်ပိုင်းတွင် KIA တပ်ဖွဲ့ဝင်များ လာရောက်ခြင်းမရှိသကဲ့သို့ တိုက်ပွဲဖြစ်သံ မကြား ကြောင်း ပြောသည်။

ကချင်ဒေသတွင်း သတင်းဌာနများဖြစ်သည့် Myitkyina News Journal ၊ Kachin Waves ၊ Kachin News Group ၊ Kachin Land Research Center ၊ Kachin State Public Voice ၊ The Kachin Times စသည့် သတင်းဌာနများတွင်လည်း အဆိုပါ တိုက်ပွဲ ဖြစ်ပွားမှုနှင့် စပ်လျဉ်း၍ သတင်းဖော်ပြခြင်းရှိမရှိ ရှာဖွေခဲ့ရာ မည်သည့်သတင်းဌာနတွင်မျှ ဖော်ပြထားခြင်းမရှိပေ။

ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့တွင် မိုးညှင်းမြို့နယ် အင်ကွယ်ရွာ၌ KIA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း Tachileik News Agency မှ ဇွန်လ ၂ ရက်နေ့တွင် ဖော်ပြထားပြီး ဖားကန့်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည့်သတင်းကိုမူ မည်သည့်သတင်းဌာနတွင်မှ မတွေ့ရှိရပေ။

လင့် - https://shorturl.at/tBFT1

ထို့ကြောင့် ဖားကန့်မြို့နယ်၊ ယူမာကျေးရွာအနီးတွင် ဇွန်လ ၁ ရက်နေ့က KIA နှင့် စစ်ကောင်စီတပ်တို့ ကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ KIA တပ်သား သုံးဦး သေဆုံးခဲ့ရာ လက်နက်ခဲယမ်းများလည်း စစ်တပ်မှ သိမ်းဆည်းရမိခဲ့သည်ဟူသည့် သတင်းမှာ သတင်းမှားသာ ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster

#KIA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly