လက်ရှိ ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်တွင် လူမှုသိပ္ပံ ဘွဲ့လွန်ဘာသာရပ်ဖြင့် တက်ရောက်နေသည့် ကိုနိုင်လင်းသည် မြန်မာနိုင်ငံ ပညာရေးစနစ်တွင် စတုတ္ထတန်း (လေးတန်း) အထိသာ ကျောင်းတက်ခဲ့ရကာ ထိုင်းနိုင်ငံသို့ တရားမဝင်အလုပ်သမားအဖြစ် ဝင်ရောက်လုပ်ကိုင်ရာမှ အလုပ်တစ်ဖက်နှင့် ပညာရေးလမ်းကြောင်းကို ပြန်လည်စတင်လျှောက်လှမ်းခဲ့သည်။
တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မရှိသည့် ကျောင်းသားလူငယ်များ အနေဖြင့် နိုင်ငံတကာ တက္ကသိုလ်များတွင် ကျောင်းတက်ရန် ဆန္ဒရှိပါက GED ကို ပြင်ဆင်ထားကြဖို့ လိုပြီး ငွေကြေးမတတ်နိုင်သူများအနေဖြင့်လည်း ပညာသင်ဆုများလျှောက်နိုင်သည့် အခွင့်အလမ်းများစွာ ရှိကြောင်း သူက ပြောသည်။
အကြောင်းအမျိုးမျိုးကြောင့် ရည်မှန်းချက်ပန်းတိုင် ပျောက်နေသည့် မြန်မာလူငယ်များကို ကိုယ်ချင်းစာပြီး မိမိမှာသာ ပညာရေးနှင့်ပတ်သက်၍ အမှန်တကယ်လိုချင်သည့် ဆန္ဒရှိပါက တစိုက်မတ်မတ်လုပ်လျှင် ဘာမဆိုဖြစ်နိုင်ကြောင်း ကိုနိုင်လင်းက ပြောသည်။