တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကလိန်အောင်မြို့မှ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
သတ်ဖြတ်ခံရသူသည် ကလိန်အောင်မြို့၊ အင်းပြား အမှတ် (၄) ရပ်ကွက်နေထိုင်သူ အသက် ၃၅ နှစ်အရွယ် ကိုနိုင်ဦးဆိုသူဖြစ်ကြောင်းသိရသည်။
၎င်းသည် မကြားသေးမီက မွန်ပြည်နယ်၊ ရေးမြို့မှနေ၍ ကလိန်အောင်မြို့သို့ ပြောင်းရွှေ့လာသူ ဖြစ်ကြောင်း ဒေသခံများကဆိုသည်။
“သူက သိပ်ပြီးစိတ်မနှံ့ဘူးလို့ သိရတယ်။ တံတားကို ဆိုင်ကယ်စီးပြီးသွားဖြတ်တဲ့အချိန်မှာ စစ်တပ်က ရပ်နားခိုင်းတာကိုမရပ်ပေးလို့ သေနတ်နဲ့ ပစ်လိုက်တာဖြစ်တယ်” ဟု ကလိန်အောင်မြို့နေ ဒေသခံတစ်ဦးက ပြောသည်။
သေဆုံးသူ ကိုနိုင်ဦးသည် ဇွန်လ ၁ ရက်နေ့တွင် ကလိန်အောင်တံတားပေါ်ဖြတ်သန်းသွားလာစဉ် စစ်ကောင်စီစစ်ဆေးရေးဂိတ်က တားဆီးသည်ကို မရပ်ပေးသောကြောင့်ပစ်ခတ်ရာ ခြေထောက်ကို ကျည်ထိမှန်ပြီး ထွက်ပြေးလွတ်မြောက်ခဲ့သည်။
ယင်းနောက် စစ်ကောင်စီတပ်ဖွဲ့က လိုက်လံရှာဖွေရာမတွေ့ရှိ၍ အင်းပြား အမှတ် (၄) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးကို စစ်ကောင်စီတပ်သားများက အကြောင်းကြားပြီး ထပ်မံလိုက်လံ ရှာဖွေခဲ့သည်။
ယင်းနောက် ကိုနိုင်ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးရမိခဲ့ပြီး ခေါ်ဆောင်လာစဉ် လမ်းပိုင်း တစ်နေရာ၍ သေနတ်နှင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
“သူကို အုပ်ကြီးက ကလိန်မြို့ ဆုတောင်းပြည့် ဆံတော်ရှင်ပေါ်မှာတွေ့ပြီး ခေါ်ဆောင်လာကာ စစ်တပ် လက်ထဲအပ်လိုက်ချိန်မှာ ပစ်သတ်ခံလိုက်ရတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
သေဆုံးသူ ကိုနိုင်ဦး၏နာရေးကို ယနေ့ ဇွန်လ ၁ ရက်နေ့၊ နေ့လယ်ပိုင်းတွင် မီးသင်္ဂြိုဟ်သွားမည်ဟု ဒေသခံများထံက သိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး