ထိုင်းအနိုင်ရပါတီခေါင်းဆောင်က မီဒီယာကုမ္ပဏီတွင် ရှယ်ယာပိုင်ဆိုင်၍ ဝန်ကြီးချုပ်ဖြစ်ရန် မသင့်တော်ဟု ဆို

ထိုင်းအနိုင်ရပါတီခေါင်းဆောင်က မီဒီယာကုမ္ပဏီတွင် ရှယ်ယာပိုင်ဆိုင်၍ ဝန်ကြီးချုပ်ဖြစ်ရန် မသင့်တော်ဟု ဆို
Photo-AFP

ထိုင်း ဝန်ကြီးချုပ်လောင်းလျာ ပီတာ လင်ဂျာရွန်ရတ်သည် မီဒီယာကုမ္ပဏီတစ်ခု၌ ရှယ်ယာ ပိုင်ဆိုင်ထားသည်ကို တိုင်ကြားခြင်း ခံထားရသဖြင့် ဝန်ကြီးချုပ်ဖြစ်ရန် စည်းကမ်းနှင့် မညီညွတ်နိုင်ကြောင်း ထိုင်းယာယီဒုတိယဝန်ကြီးချုပ် ဝစ်ဆာနုက မေ ၃၁ ရက်တွင် ပြောသည်။

ပီတာ၏ iTV Plc ကုမ္ပဏီတွင် ရှယ်ယာပိုင်ဆိုင်ထားသည်ကို တိုင်ကြားချက်က နိုင်ငံ၏ ထိပ်တန်းရာထူးအတွက် သင့်တော်မှု ရှိမရှိကို ဆုံးဖြတ်ပေးမည့် အဓိကအကြောင်းအချက် ဖြစ်လာမည်ဟု ဝစ်ဆာနုက ပြောကြောင်း Bangkok Post သတင်းက ကိုးကားဖော်ပြသည်။

အဆိုပါ တိုင်ကြားချက်သည် ပီတာ၏ ဝန်ကြီးချုပ် ဖြစ်ရန် သင့်တော်မှု ရှိမရှိအပေါ်ပဲ ဦးတည်မည်ဆိုပါက ပီတာအနေဖြင့် လွှတ်တော်တွင် အမတ်အဖြစ် ဆက်လက် ရှိနေနိုင်မည်ဟု ယင်း သတင်းက ဆိုသည်။

“တိုင်ကြားချက်ဟာ ဝန်ကြီးချုပ် ဖြစ်သင့်မဖြစ်သင့်အပြင် လွှတ်တော်အမတ်ပါ မဖြစ်သင့်ဘူးဆိုပြီး တိုင်ထားတာမျိုး ဆိုရင်တော့ တရားရုံးက နှစ်ခုစလုံးကို စီရင်ဆုံးဖြတ်ရမှာပဲ ဖြစ်တယ်”ဟု ယာယီဝန်ကြီးချုပ်က ပြောသည်။

ပီတာသည် မေ ၁၄ ရက်က ကျင်းပသော အထွေထွေ ရွေးကောက်ပွဲတွင် မမျှော်လင့်ဘဲ အနိုင်ရခဲ့သည့် ရှေ့သို့ချီပါတီ၏ အကြီးအကဲပဲဖြစ်ကာ ပါတီ၏ တစ်ဦးတည်းသော ဝန်ကြီးချုပ်လောင်းလျာလည်း ဖြစ်သည်။

ရွေးကောက်ပွဲ မတိုင်ခင်က ရောင်ကရိုင်းဆိုသူသည် ပီတာက မီဒီယာကုမ္ပဏီတစ်ခု၌ ရှယ်ယာပိုင်ဆိုင်ထားခြင်းကြောင့် ဖွဲ့စည်းပုံကို ဖောက်ဖျက်ထားသဖြင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စည်းကမ်းမညီညွတ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ထံသို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။ ရောင်ကရိုင်းသည် စစ်တပ်နှင့် ဆက်စပ်သော ပါလန်းပရာချာရတ်ပါတီ၏ အမတ်လောင်းတစ်ဦး ဖြစ်သည်။

ဖွဲ့စည်းပုံ ပုဒ်မ ၉၈ အရ မည်သည့် သတင်းစာမဆို သို့မဟုတ် မီဒီယာလုပ်ငန်းကြီးများတွင် ရှယ်ယာများ ပိုင်ဆိုင်ထားသူများအနေဖြင့် အောက်လွှတ်တော်အဖွဲ့ဝင်အဖြစ် ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို တားမြစ်ထားခြင်း ဖြစ်သည်။

ရွေးကောက်ပွဲ ကော်မရှင်သည် တိုင်ကြားအား မည်သည့် အရေးယူဆောင်ရွက်မှုမှ မလုပ်ဆောင်ခဲ့ကြောင်း ဝစ်ဆာနုက ပြောသည်ဟု Bangkok Post က ဖော်ပြသည်။

အဆိုပါ တိုင်ကြားချက်ကို စိုးရိမ်ပူပန်မှု မရှိကြောင်း၊ မည်သည့်အတွက်ကြောင့်ဆိုသော ရှယ်ယာများသည် မိသားစုအမွေအဖြစ် ရှိနေခဲ့ခြင်းသာ ဖြစ်ကြောင်း ပီတာက မေ ၉ ရက်တွင် တွစ်တာ၌ ရေးသားသည်။

“ကျွန်တော်ရဲ့ အနေအထားဟာ မိသားစု အမွေကို စီမံရသူပါ၊ ဒါကို အမျိုးသား အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ အကြံပြုထားသလို အကြောင်းကြားထားတာလည်း ကြာလှပါပြီ”ဟု ၎င်းက ရေးသားသည်။

ရှေ့သို့ချီပါတီသည် မေ ၁၄ ရက် အထွေထွေ ရွေးကောက်ပွဲ၌ ဖျူထိုင်းကဲ့သို့သော ပါတီကြီးများကို ကျော်လွှားပြီး လွှတ်တော်တွင် အမတ်နေရာ ၁၅၁ နေရာဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ထိုသို့ သမိုင်းဝင် အနိုင်ရပြီးနောက် ပါတီသည် နိုင်ငံရေး ခုနစ်ပါတီနှင့် ညွန့်ပေါင်းဖွဲ့လိုက်ရာ အောက်လွှတ်တော် အမတ်နေရာ၌ ၎င်းတို့ ညွန့်ပေါင်းအဖွဲ့သည် ၃၁၂ နေရာ ရှိထားပြီ ဖြစ်သည်။

ပီတာ ဝန်ကြီးချုပ် ဖြစ်ရန်အတွက်မူ အမျိုးသားလွှတ်တော် အမတ် ၇၅၀ ၏ ထက်ဝက်ကျော်၏ အတည်ပြုချက် လိုအပ်မည် ဖြစ်သကဲ့သို့ အောက်လွှတ်တော်ပဲ ဖြစ်စေ အထက်လွှတ်တော်တွင် ဖြစ်စေ ထောက်ခံမဲ ၃၇၆ မဲ အနည်းဆုံး ရရှိရန် လိုအပ်သည်။

ဝန်ကြီးချုပ်အဖြစ် ပီတာအား ထောက်ခံမခံ အချို့သော လွှတ်တော်အမတ်များက မဆုံးဖြတ်ရသေးဘဲ ရှိနေသည်။

(မိုးသဲ ဘာသာပြန်သည်။)

https://www.channelnewsasia.com/asia/thailand-pita-limjaroenrat-disquali...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required