မုံရွာမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးစခန်း ဝင်ရောက်စီးနင်းခံရပြီး ကျပ်သိန်း ၃၀၀ နီးပါး ဆုံးရှုံး၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရသူ အသတ်ခံရ

By ပါခွီး (မဇ္စျိမ)
01 June 2023
မုံရွာမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးစခန်း ဝင်ရောက်စီးနင်းခံရပြီး ကျပ်သိန်း ၃၀၀ နီးပါး ဆုံးရှုံး၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရသူ အသတ်ခံရ

မုံရွာမြို့နယ် အခြေစိုက် ပြည်သူ့ ကာကွယ်ရေးစခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး  ကျပ် ၃၀၀ ခန့် တန်ဖိုးရှိ လက်နက် ၊ ခဲယမ်းများနှင့် ပစ္စည်းများ မီးရှို့ ဖျက်ဆီးသွားကြောင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ Area 71 က မေလ၃၁ရက်တွင် ထုတ်ပြန်သည်။ ထို့အပြင်  စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်လာသူတစ်ဦးအား နားထင်ကို သေနတ်ဖြင့် ပစ်သတ်ကာ ပစ္စည်းများနှင့် အတူ မီးရှို့သွားကြောင်း သိရသည်။ 

ချောင်းဦးမြို့မှ ခင်မွန်ဘက်စုံခြံ ဘက်သို့ Jammer  (တယ်လီဖုန်းလိုင်းနှောက်စက်) တပ်ဆင်ထားသည့်ယာဥ်နှစ်ဆင်း၊ စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့်ဖြင့်  ထွက်ခွာလာသည့် စစ်ကောင်စီတပ်သည် မုံရွေးရွာ၏ အရှေ့ဘက်တောမှ ကြေးမုံရွာအရှေ့ဘက်သို့ ပိုက်စိတ်တိုက် ရှာဖွေကာ မေလ ၃၁ရက် မနက် ၈နာရီ ၅မိနစ်အချိန်တွင် PDF စခန်းကို စီးနင်းခဲ့ခြင်းဖြစ်သည်။ 

“ရဲဘော်တွေတစ်ယောက်မှ ဘာမှမဖြစ်တာကိုဝမ်းသာလှပါပြီ ။ ကျနော်တို့ သေနတ်တွေပဲ သယ်နိုင်ခဲ့တာ ၊ ကျန်တာတွေအကုန်လုံး မီးရှို့ဖျက်ဆီးခံလိုက်ရတယ် ။ လမ်းပြအဖြစ် သူတို့ခေါ်လာတဲ့ လူသားဒိုင်း တစ်ဦးရဲ့ အလောင်း ကို စခန်းကို ပြန်ရှင်းလင်းချိန်မှာ တွေ့ရှိရပါတယ် ” ဟု Area 71 PDF တာဝန်ရှိသူကပြောသည်။

 သေဆုံးသွားသူသည် ရုပ်မပီပြင်တော့သဖြင့် မည်သူဖြစ်ကြောင်း အတည်မပြုနိုင်သေးကြောင်း ၊ စခန်းအတွင်းရှိ ဆိုင်ကယ်တစ်စီးအပါအဝင် မိုင်း ၊ ယမ်းအိတ်များ ၊ ရိက္ခာများနှင့် အိုးခွက်ပန်းကန်းများ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်သည် PDF စခန်း နေရာ အတိအကျကို သိရှိခြင်း မဟုတ်ဘဲ  နယ်မြေရှင်းလင်းရာမှ စခန်းကို တွေ့ရှိသွားခြင်းဖြစ်ပြီး  ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ကင်းထောက်များ၏ သတင်းပေးမှုကြောင့် အချိန်မီစခန်းမှ ထွက်ခွာနိုင်ခဲ့သဖြင့် အထိအခိုက်မရှိကြောင်းဆိုသည်။

ထိုဖြစ်ရပ်ကြောင့် စိတ်ပျက်လက်လျော့သွားမည် မဟုတ်ဘဲ  တတ်နိုင်သည့်နည်းလမ်းများဖြင့် စစ်ကောင်စီတပ်ကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။ လက်ရှိတွင် စခန်း ပြန်လည်တည်ဆောက်နိုင်ရေးအတွက် အကူအညီများ လိုလျက်ရှိသောကြောင့် အလှူရှင်များအနေဖြင့် ကူညီပေးကြပါရန် ညှိုးငယ်စွာဖြင့် အကူအညီတောင်းကြောင်း ထိုအဖွဲ့က အသိပေးထားသည်။
Area 71 PDF  အဖွဲ့သည် မေလ ၂၈ရက် ည ၉နာရီ ၅မိနစ်အချိန် က စစ်ကိုင်းမှ မုံရွာသို့ထွက်ခွာလာသော ယာဥ် ၁၂စီးပါ စစ်ကောင်စီ ယာဉ်တန်းကို  ချောင်းဦး - မုံရွာကားလမ်းမကြီး၏ နေရာလေးခုတွင် ပဒေသာမိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly