ကယန်းပြည်သစ် လုံခြုံရေးဂိတ်စခန်း လေယာဥ်ဖြင့်ဗုံးကြဲခံရ

By ကိုဇာနည် (မဇ္စျိမ)
01 June 2023
ကယန်းပြည်သစ် လုံခြုံရေးဂိတ်စခန်း လေယာဥ်ဖြင့်ဗုံးကြဲခံရ
ဓာတ်ပုံ- တိုက်ခိုက်ခံရသော (KNLP/KNLA) ရဲ့ နယ်မြေလုံခြုံရေးဂိတ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကယန်းပြည်သစ်တပ်မတော် (KNLA) ၏ နယ်မြေလုံခြုံရေးဂိတ်တစ်ခုကို ယနေ့ ဇွန်လ ၁ ရက်၊ နံနက် ၄ နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီတပ်မှ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 " ပထမကျတဲ့တစ်လုံးက လမ်းမကြီးဘေးမှာကျတယ်။ အဲ့မှာနေတဲ့ရဲဘော်တွေက အသံကြားတာနဲ့ပြေးပုန်းကြတယ်။ နောက်တစ်ခေါက်ပြန်လှည့်လာပြီး ထပ်ကြဲတယ်။ ဂိတ်မှာတည့်တည့်ကျသွားတယ်။ လူကိုတော့ထိခိုက်မှုမရှိဘူး" ဟု ဗုံးကြဲတိုက်မှုနှင့်ပတ်သက်၍ အနီးဝန်းကျင်ရှိ ဒေသခံတစ်ဦးကပြောသည်။

ထို့အပြင် နံနက် ၁၀ နာရီခန့်တွင်လည်း ကရင်နီဒေသနှင့် ရှမ်း(တောင်) ဘက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ လေယာဥ် ကိုးစီးသည် စစ်ရေးဟန်ပြသဘောဖြင့် တစ်ပြိုင်နက်ဖြတ်သန်းသွားခဲ့ကြောင်းမိုးဗြဲ PDF မှထုတ်ပြန်ထားသည်။

အလားတူ ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့တို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့အကြားမေလအတွင်းတိုက်ပွဲပြင်းထန်ခဲ့ပြီး လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကလေးငယ်အချို့အပါအဝင် အရပ်သားသေဆုံးမှုလည်း ရှိခဲ့သည်။  

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly