မြန်မာဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် ရာထူးမှ အနားယူမည်

မြန်မာဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် ရာထူးမှ အနားယူမည်

၁၈ လတာ ရာထူးသက်တမ်းအတွင်း မြန်မာစစ်ကောင်စီနှင့် အတိုက်အခံများ၏ ဝေဖန်မှုများကို ရင်ဆိုင်ခဲ့ရသည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်သည် ဇွန်လအတွင်း ရာထူးမှ အနားယူတော့မည် ဖြစ်သည်။

၂၀၂၁ အောက်တိုဘာလအတွင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရပ်စ်က ခန့်အပ်သည့် နိုလင်း ဟေဇာသည် သဘောတူစာချုပ် အဆုံးသတ်ချိန် ဇွန် ၁၂ ရက်တွင် သူ့၏ အလုပ်တာဝန်ကို အပြီးသတ်မည် ဖြစ်ကြောင်း ကုလသမဂ္ဂ အကြီးအကဲ၏ ပြောရေးဆိုခွင့်ရှိသူက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

“မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြည်သူများကိုယ်စား မမောမပမ်း အားထုတ်ကြိုးစားခဲ့သည့်အတွက် ဟေဇာအား ဂူတာရပ်စ်က ကျေးဇူးတင်ရှိကြောင်း” ပြောခွင့်ရသူ စတီဖင် ဒူဂျာရစ်က ဆိုပြီး သံတမန်သစ်ကို ခန့်အပ်မည်ဟု ထပ်လောင်းပြောသည်။

စင်ကာပူ လူမှုဗေဒပညာရှင် ဟေဇာသည် မြန်မာစစ်ကောင်စီအား အတိုက်အခံများနှင့် နိုင်ငံရေးဆွေးနွေးပွဲများ ဆောင်ရွက်ရန် တွန်းအားပေးခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည် အစိုးရအား ဖြုတ်ချပြီးနောက် သွေးထွက်သံယို ဖြိုခွင်းမှုများ အဆုံးသတ်ရေးတို့အတွက် ကြိုးပမ်းခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ်လ၌ သူသည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး စစ်ကောင်စီအကြီးအကဲ မင်းအောင်လှိုင်နှင့် အခြားသော ထိပ်တန်းစစ်အရာရှိများနှင့် တွေ့ဆုံခဲ့ရာ ယင်းသည် စစ်ဗိုလ်ချုပ်ကြီးများအား တရားဝင် အသိအမှတ်ပြုသကဲ့သို့ ဖြစ်စေသည်ဟု လူ့အခွင့်အရေးအုပ်စုများက ဝေဖန်ကြသည်။

သို့ရာတွင် ဖမ်းဆီးထိန်းသိမ်းခံ ဒီမိုကရေစီ ပြယုဂ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဟေဇာအား တွေ့ဆုံခွင့် မပြုဘဲ ငြင်းဆန်ခံရသကဲ့သို့ ဆွေးနွေးပြောဆိုမှုကို “တစ်ဖက်သတ် ထုတ်ပြန်ချက်” ထုတ်ပြန်သည်ဟု စစ်ကောင်စီ တာဝန်ရှိသူများ၏ စွပ်စွဲခံရသကဲ့သို့ စိတ်ဆိုးဒေါသထွက် ခံခဲ့ရသည်။

ယင်းနောက်၌ သူသည်  စစ်ကောင်စီ၏  တံခါးပိတ်တရားရုံးက ထောင်ဒဏ် စုစုပေါင်း ၃၃ နှစ် ချမှတ်ထားသော ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် မပေးမချင်း မြန်မာနိုင်ငံသို့ မသွားရောက်ရန် စိတ်ပိုင်းဖြတ်ခဲ့သည်။

အဓိက မဟာမိတ်နှင့် လက်နက်ထောက်ပံ့သည့် ရုရှနှင့် တရုတ်တို့၏ ထောက်ခံမှုဖြင့် စစ်ကောင်စီသည် ၎င်း၏ အာဏာသိမ်းမှုကို ဆန့်ကျင်သူများနှင့် ဆွေးနွေးပွဲများ အစပြုရန် ကြိုးပမ်းလာမှုများအား ခါးခါးသီးသီး ငြင်းဆန်သည်။

ယခင် ကုလသမဂ္ဂ အထူးသံကိုယ်စားလှယ်ဖြစ်သည့် ဆွစ်ဇာလန် သံတမန် ခရစ္စတင်း ဘာဂျင်နာသည် မြန်မာနိုင်ငံသို့ လာရောက်ခွင့်အား စစ်ကောင်စီက ပိတ်ဆို့ခဲ့သကဲ့သို့ နိုင်ငံပိုင် မီဒီယာများမှတစ်ဆင့် ထိုးနှက်တိုက်ခိုက်ခံရသည်။

ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာဆိုင်ရာ အာဆီယံ သံတမန် ပရတ် ဆော့ခွန်းသည် မြန်မာနိုင်င့သို့ နှစ်ကြိမ်တိုင် လာရောက်ခဲ့သော်လည်း နှစ်ကြိမ်စလုံး၌ ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်ခွင့်အား စစ်တပ်က ငြင်းဆန်ခဲ့သည်။

မြန်မာနိုင်ငံဿည် အစပျိုး ဒီမိုကရေစီ အတွေ့အကြုံကို အဆုံးသတ်သွားစေပြီး လက်နက်ကိုင် ခုခံတော်လှန်မှုများ ပေါ်ပေါက်စေသော ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းချိန်မှစကာ ဝရုန်းသုန်းကား အခြေအနေ ဆိုက်ရောက်လျက် ရှိသည်။

ပဋိပက္ခအား ဖြေရှင်းနိုင်ရေး ကုလသမဂ္ဂနှင့် အာဆီယံတို့ ဦးဆောင်သည့် သံတမန်ရေး အားထုတ်မှုများသည်လည်း အာဏာသိမ်းအုပ်စုက ကျူးလွန်သည့် သွေးထွက်သံယိုမှုများကို အဆုံးမသတ်နိုင်ဘဲ ရှိနေသည်။

အာဏာသိမ်းပြီးမှစကာ စစ်တပ်၏ ဖြိုခွင်းမှုအတွင်း ပြည်သူပေါင်း ၃,၅၀၀ ကျော်ထက်မနည်း သေဆုံးကြောင်း ပြည်တွင်းစောင့်ကြည့်ရေးအဖွဲ့တစ်ရပ်အရ သိရသည်။

အကြမ်းဖက်မှုများမှ တိမ်းရှောင်ရွှေ့ပြောင်းရသူပေါင်းက တစ်သန်းကျော်မက ရှိကြောင်း ကုလသမဂ္ဂအရ သိရသည်။

(မိုးသဲ ဘာသာပြန်သည်။)

https://www.trtworld.com/asia/un-special-envoy-for-myanmar-to-step-down-...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly