မိုခါ နောက်ဆက်တွဲ မုတ်သုံချည်းကပ်လာ၍ အချိန်က စိုးရိမ်စရာ အရေးကြီးနေ

By မဇ္ဈိမ အယ်ဒီတာ့အာဘော်
31 May 2023
မိုခါ နောက်ဆက်တွဲ မုတ်သုံချည်းကပ်လာ၍ အချိန်က စိုးရိမ်စရာ အရေးကြီးနေ
Photo-AFP

မိုခါဆိုင်ကလုန်းမုန်တိုင်းအပြီး အရေးကြီးတဲ့ လူသားချင်း စာနာထောက်ထားရေး အကူအညီတွေကို နှောင့်နှေးအောင်နဲ့ ပိတ်ဆို့ထားနိုင်အောင် မြန်မာစစ်ကောင်စီရဲ့ ရှုပ်ထွေးပြီး ကဖျက်ကယက်နိုင်တဲ့ အားထုတ်မှုတွေကြောင့် မြန်မာနိုင်ငံမှာ သဘာဝဘေးနဲ့ နိုင်ငံရေး မတည်ငြိမ်မှု ပေါင်းစုံကြုံတွေ့နေရတာဟာဆိုရင် စိတ်သောကဖြစ်စရာ အခင်းအကျင်းအဖြစ်နဲ့ ရှိနေပါတယ်။

ဒီလို လုပ်ရပ်မျိုးဟာ ဘယ်သူ တစ်ဦးတစ်ယောက်ကိုမှ သက်သာရာ မရစေသလို စစ်ကောင်စီကိုယ်တိုင်အတွက်လည်း မထောင်းသာလှပါဘူး။

ဖျက်ဆီးမှု ပြင်းထန်တဲ့ ဆိုင်ကလုန်းအပြီး နောက်ဆက်တွဲကို ခါးစည်းခံနေရဆဲ ပြည်သူတွေဟာ စစ်ကောင်စီရဲ့ နားလည်ရခက်တဲ့ လုပ်ရပ်တွေကြောင့် ပေါင်းစုံလာတဲ့ ဒုက္ခတွေကို အခုနေမှာ ရင်ဆိုင်နေကြရတာပါ။ စစ်ကောင်စီရဲ့ ဒီလို အဟန့်အတား ပိတ်ဆို့တဲ့ လုပ်ရပ်တွေကို လူသိရှင်ကြား ဝေဖန်ရှုတ်ချပြီး အတိဒုက္ခ ရောက်နေသူတွေဆီ မရှိမဖြစ် အကူအညီတွေ ကန့်သတ်ချက်မဲ့ ချက်ချင်း ပေးပို့နိုင်ဖို့ တောင်းဆိုရမှာက နိုင်ငံတကာ အသိုက်အဝန်းရဲ့ ပုခုံးထက်က တာဝန်ပဲ ဖြစ်ပါတယ်။

ဒါဟာ လူသားချင်း စာနာထောက်ထားရေး အရေးကိစ္စပဲ ဖြစ်ပြီး နိုင်ငံရေးအသွင် မဆောင်သင့်ပါဘူး။

နိုင်ငံတကာ လူသားချင်း စာနာထောက်ထားရေး အဖွဲ့အစည်းတွေနဲ့ ကူညီကယ်ဆယ်ရေး အားထုတ်မှုတွေကို အာမခံပေး ခွင့်ပြုဖို့ရာမှာ မြန်မာစစ်ကောင်စီဟာ ရည်ရွယ်ချက်ရှိရှိ နှောင့်နှေးကြန့်ကြာစေမယ့် နည်းဗျူဟာတွေကို ကျင့်သုံးနေပါတယ်။ အကူအညီတွေကို ရရှိရေး၊ လက်ခံရေးအတွက် အတိမ်းအစောင်း မခံတဲ့ အချိန်ကာလဟာ ရုတ်ခြည်းပဲ ကုန်ဆုံးလို့နေပါပြီ။ မုန်တိုင်းဘေးမှာ ရှင်ကျန်ရစ်သူတွေအတွက်ကတော့ မုတ်သုံရာသီ အမြန်ပဲ ချည်းကပ်လာနေတာကြောင့် ထိခိုက်ဒဏ်ရာ ရတာတွေ၊ ရောဂါဖြစ်ပွားတာတွေနဲ့ အသက်ဘေး ကြုံရတာတွေပါ ရှိလာမယ့် ထပ်တိုး ဘေးဒုက္ခတွေအတွက် ခုခံကာကွယ်အား ပါးလျလျက် ရှိနေပါတယ်။

ကံကြမ္မာ ခေရတဲ့ ဖြစ်ရပ်ကတော့ ကူညီကယ်ဆယ်ရေး အားထုတ်မှုတွေကို ပိတ်ဆို့ထားတဲ့ စစ်ကောင်စီရဲ့ ဗျူရိုကရက်တစ် ကြိုးနီစနစ်ဟာ စစ်လက်နက်သဖွယ်ပဲ ဖြစ်ပြီး ဒီအတွက်ကြောင့် ဘေးဒဏ်သင့်တဲ့ ပြည်သူတွေရဲ့ ဒုက္ခဝေဒနာတွေဟာ ပိုပြီး ပြင်းထန်ဆိုးဝါးရပါတယ်။ ဒီ ရှုပ်ထွေးနောက်ကျိစရာ မဟာဗျူဟာဟာ စစ်ကောင်စီရဲ့ အာဏာကို ပိုပြီး စုစည်းခိုင်မာစေပါတယ်။ ပြည်တွင်းနေရပ်ရွှေ့ပြောင်း စခန်းတွေမှာ နေနေကြတဲ့ ရခိုင်နဲ့ ရိုဟင်ဂျာတွေ အပါအဝင် ခုခံအားအနည်းဆုံး ပြည်သူတွေဟာ စစ်ကောင်စီရဲ့ လက်ခုပ်ထဲမှာပဲ ရှိနေပါတော့တယ်။

နိုင်ငံတကာ အကူအညီတွေကို ဟန့်တားတာ၊ ကြန့်ကြာစေတာအပြင် မိုခါဆိုင်ကလုန်း ဘေးဒုက္ခသည်တွေဆီ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးမယ့် ပြည်တွင်းအားထုတ်မှုတွေကိုလည်း စစ်ကောင်စီဟာ ကိုယ်ထိလက်ရောက် ဖိနှိပ်ထိန်းချုပ်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ပရဟိတသမားတစ်ဦးနဲ့ သူ့အဖွဲ့ကို ရခိုင်မှာ ဖမ်းဆီးလိုက်တာမျိုး ရှိတာနဲ့အတူ စစ်ကောင်စီ အဆွယ်အပွားတွေက ကူညီပေးရေး ဝန်ထမ်းတွေကို ဖမ်းဆီးတာတွေ ရှိလာတဲ့နောက်မှာ ကြောက်ရွံ့စိုးရိမ်စိတ်တွေ ဖြစ်စေရပါတယ်။ အရပ်ဘက် လူမှုရေး အဖွဲ့အစည်းတွေနဲ့ အခြေခံလူထုအရေး လှုပ်ရှားဆောင်ရွက်သူတွေဟာ အသည်းအသန် လိုအပ်နေတဲ့ အသိုင်းအဝိုင်းတွေဆီ ရောက်ရှိနိုင်ဖို့အရေးမှာ ရန်လိုမင်းထက် စိတ်ထင်သလို ကန့်သတ်ခံကြရပါတယ်၊ တားဆီးခံကြရပါတယ်။ ဒီ တန်ဖိုးရှိတဲ့ ပြည်တွင်းအားထုတ်မှုတွေကို ယိုင်နှဲ့အောင် လုပ်ရင်း စစ်ကောင်စီဟာ လူထုကို ပိုပြီး အထီးကျန်စေပါတယ်၊ ပြန်လည်တည်ဆောက်ရေးနဲ့ ပြည်လည်ထူထောင်ရေး အခွင့်အလမ်းတွေကို ပိတ်ဆို့ထားပါတော့တယ်။

လူသားချင်း စာနာထောက်ထားရေး အကူအညီတွေကို ငြင်းဆန်တာဟာ ရှုပ်ထွေးပွေလီတဲ့ ပဋိပက္ခ အကျပ်အတည်းကိုပဲ ဖြစ်စေပါတယ်။ ဆိုင်ကလုန်းမိုခါရဲ့ ဘေးဒဏ်ကို ပိုပြီး ကြီးမားစေပြီး အဆိုးကျော့ သံသရာကို ရှည်ကြာစေပါတယ်။ သန့်ရှင်းတဲ့ရေ၊ ခိုလှုံနေရာ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးအထောက်အပံ့တွေ မရရှိတာဟာ ရောဂါတွေ ဖြစ်ပွားလာမယ့် ဘေးအန္တရာယ်တွေကို ဆီးကြိုနေတာပဲ ဖြစ်ပြီး ဖြစ်ပွားနေပြီးသား အသည်းအသန် အခြေအနေကို ပိုပြီး ဆိုးဝါးစေပါတယ်။ အထူးသဖြင့်တော့ ခုခံကာကွယ်အား နည်းကြတဲ့ ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ အသက်ကြီးပိုင်းတွေ ဖြစ်ကြပြီး စစ်ကောင်စီရဲ့ ဟန့်တားနှောင့်ယှက်တဲ့ လုပ်ရပ်တွေကြောင့် အသက်ဘေး ရတက်မအေးရသူတွေပဲ ဖြစ်ကြပါတယ်။

စစ်ကောင်စီရဲ့ အညှာအတာမဲ့ တားဆီးနှောင့်ယှက်တာတွေကို တန်ပြန်ဖို့ရာမှာ နိုင်ငံတကာ အသိုက်အဝန်းက စည်းလုံးညီညွတ်စွာ ရပ်တည်ပြီး စစ်အုပ်ချုပ်သူတွေကို ပြင်းထန်တဲ့ ဖိအားတွေ ပေးကြဖို့ လိုအပ်ပါတယ်။ စက်ဆုပ်ဖွယ် လုပ်ရပ်တွေကို သည်းခံလိမ့်မှာ မဟုတ်ဘူးဆိုတာကို ဖော်ပြဖို့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်တာနဲ့ သံတမန်ရေး လုပ်ဆောင်ချက်တွေဟာ မရှိမဖြစ် ဖြစ်လာခဲ့ပါပြီ။ ဒေသရဲ့ အင်အားနိုင်ငံများဖြစ်တဲ့ အာဆီယံနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေဟာ မြန်မာပြည်သူတွေဆီ လူသားချင်း စာနာထောက်ထားရေး အကူအညီတွေ အဆီးအတားမဲ့ ချက်ချင်း ပေးပို့နိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

ဒေသတွင်း အားထုတ်မှုတွေကို ထောက်ခံအားပေးပြီး ဘေးသင့် အသိုင်းအဝိုင်းတွေရဲ့ ကြံ့ကြံ့ခိုင်မှုကို အားဖြည့်ပေးရင်း နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ မြန်မာနိုင်ငံရဲ့ ရေရှည် ပြန်လည်ထူထောင်ရေးမှာ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

ဆိုင်ကလုန်းမိုခါ နောက်ပိုင်း လူသားချင်း စာနာထောက်ထားရေး အကူအညီတွေနဲ့ ပတ်သက်လို့ မြန်မာစစ်ကောင်စီရဲ့ နားလည်ရခက်တဲ့ ပိတ်ဆို့ဟန့်တားမှုတွေဟာ လူ့အသက်ကို ဖက်ရွက်လောက်မျှ တန်ဖိုးမထားဘူးဆိုတာနဲ့ ကြင်နာတတ်မှု တစိုးတစိမှ ရှိမနေဘူးဆိုတာကို ထိတ်လန့်ဖွယ် လှစ်ဟပြလိုက်တာပါပဲ။ ဒါဟာ စစ်ကောင်စီရဲ့ တာဝန်ယူတတ်မှုက နတ္ထိဆိုတာကို ပြသနေတာပါပဲ။

ပြည်သူတွေရဲ့ အတိဒုက္ခကို နိုင်ငံရေးလက်နက်သဖွယ် အမြတ်မထုတ်သင့်ပါ။ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ကလည်း မျှော်လင့်ချက်မဲ့ လိုအပ်နေသူတွေဆီ အကူအညီတွေ ကျိန်းသေရောက်နိုင်ဖို့ မြန်မြန်ဆန်ဆန်နဲ့ ပြတ်ပြတ်သားသား ဆောင်ရွက်သင့်လှပါတယ်။

မုတ်သုံ မိုးတိမ်တွေက စုဖွဲ့လာပါပြီ၊ အချိန်က ကုန်ဆုံးလို့ နေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required