ရှေ့တိုးထမ်းပိုး၊ နောက်ဆုတ်လှည်းတုတ် ဘဝရောက်နေတဲ့ စစ်ကောင်စီတပ်သားတွေ | သတင်းသုံးသပ်ချက်

ရှေ့တိုးထမ်းပိုး၊ နောက်ဆုတ်လှည်းတုတ် ဘဝရောက်နေတဲ့ စစ်ကောင်စီတပ်သားတွေ | သတင်းသုံးသပ်ချက်
ပုံစာ - ကင်းစောင့်နေသည့် စစ်ကောင်စီတပ်သားတစ်ဦး (ပုံဟောင်း)

စစ်ကောင်စီအနေနဲ့ လက်ရှိအချိန်မှာ စစ်သားနဲ့ရဲ စုဆောင်းမှုမှာ အခက်အခဲများစွာရှိနေပြီး သူတို့အရင်က လူသစ်စုဆောင်းလို့ အများဆုံးရခဲ့တဲ့ မြန်မာပြည်အလယ်ပိုင်းနဲ့ အညာဒေသဟာ ခုခံတွန်းလှန်စစ်မှာ အတက်ကြွဆုံး ပါဝင်လာတာ တွေ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ - NUG က ဆိုပါတယ်။
ဒါ့အပြင် အာဏာသိမ်းမှုကိုလက်မခံဘဲ CDM လုပ်လာတဲ့ စစ်သားနဲ့ ရဲ တစ်သောင်း သုံးထောင်ကျော်အထိ ရှိနေပြီလို့လည်း သိရပါတယ်။

အခုအချိန်မှာ စစ်ကောင်စီရဲ့ တပ်သားအင်အားဟာ တိုက်ခိုက်ရေးတပ်တွေနဲ့ လက်ရုံးတပ်တွေ ပေါင်းမှ ၂ သိန်း ၂ သောင်းကနေ ၂ သိန်း ၄ သောင်း ကြားမှာပဲ ရှိတယ်လို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ခန့်မှန်း ထားပါတယ်။

ပြည်တွင်းပြည်ပက လေ့လာသူတွေကတော့ စစ်ကောင်စီရဲ့ တပ်အင်အားဟာ ၃ သိန်းကနေ ၅ သိန်းအကြား ရှိနေတယ်လို့ ခန့်မှန်းပေမယ့် NUG ကတော့ အဲဒီလောက်အထိ ရှိမနေဘူးလို့ ယူဆထားပါတယ်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် တပ်ချုပ်ဖြစ်လာတဲ့ အချိန်မှာ တပ်ရင်းတစ်ရင်းရဲ့ ဖွဲ့စည်းပုံကို စစ်သည်အင်အား ၈၅၇ ဦးကနေ အင်အား ၂၀၀ ပဲပါတဲ့ ဖွဲ့စည်းပုံမူကြမ်းအဆိုပြုချက်တွေ တိတ်တဆိတ် ထွက်ပေါ်လာခဲ့တယ်လို့လည်း NUG က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်ကျော်က တိုက်ပွဲတွေမှာ စစ်ကောင်စီ ဘက်က သုံးသောင်းဝန်းကျင် သေဆုံးခဲ့တယ်လို့ NUG ကထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ တစ်လတည်းမှာတင် စစ်ကောင်စီတပ်သား ၅၀၀ ကျော် သေဆုံးခဲ့တယ်လို့လည်း မြေပြင်အခြေအနေကို ကိုးကားပြီး NUG က ဆိုထားပါတယ်။

စစ်တပ်ကို လေ့လာစောင့်ကြည့်သူ တစ်ဦးဖြစ်တဲ့ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျုရဲ့ ဧည့်ပညာရှင် ဦးရဲမျိုးဟိန်းကတော့ မြန်မာစစ်ကောင်စီတပ်ရဲ့ လက်ရှိအင်အားဟာ တစ်သိန်းခွဲဝန်းကျင်ပဲ ရှိနိုင်တယ်လို့ မေလထဲမှာ ထုတ်ပြန်တဲ့ သူ့စာတမ်းမှာ ဖော်ပြထားပါတယ်။ အဲဒီအထဲက ၇ သောင်းနီးပါးကပဲ တိုက်ခိုက်ရေး စစ်သားတွေလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ သူ့ဘက်က စစ်အင်အားနဲ့ ကျဆုံးမှုစာရင်းကို ထိပ်တန်းလျှို့ဝှက်အဖြစ် ထားထားပြီး ထုတ်ပြောလေ့မရှိပါဘူး။

အခုနောက်ပိုင်း စစ်ကောင်စီဘက်က သေဆုံးမှုတွေမှာ တပ်သားအဆင့်တွေတင် မကဘဲ အရာရှိ အဆင့်တွေလည်း ပါနေတာ တွေ့ရပါတယ်။ ဒါ့အပြင် CDM လုပ်လာတဲ့အထဲမှာလည်း အရာရှိအဆင့်တွေ ပါဝင်နေတာဖြစ်ပါတယ်။ 

သတင်းဖော်ပြချက် တွေနဲ့ အမည်မဖော်လိုသူ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ တိုက်ခိုက်ရေးအတွေ့အကြုံနည်းသေးတဲ့ သူတွေကိုပါ စစ်ကောင်စီက ရာထူးတွေတိုးမြှင့်ပေးပြီး တိုက်ခိုက်ရေးမှာ ဦးဆောင်ခိုင်းနေတာ ရှိတယ်လို့လည်း သိရပါတယ်။

ဒီအခြေအနေတွေဟာ ဘာကို ပြဆိုနေသလဲဆိုရင် စစ်ကောင်စီအနေနဲ့ လေကြောင်းမှ မရှိရင် ဘယ်လိုမှ PDF နဲ့ တိုင်းရင်းသား ပူးပေါင်းတပ်တွေကို မယှဉ်နိုင်တာ သိသာနေပါတယ်။

CDM ဗိုလ်ကြီးတွေရဲ့ အဆိုကို ကိုးကားပြောရရင် စစ်ကောင်စီတပ်သားတွေ အနေနဲ့ ရည်ရွယ်ချက်မရှိဘဲ တိုက်ခိုက်နေရသလို ဖြစ်နေတဲ့အတွက် စိတ်ဓာတ်အင်အားက တစ်ဖက် အင်အားကို ဘယ်လိုမှ မယှဉ်နိုင်တဲ့ အချက်ပဲ ဖြစ်ပါတယ်။

လူတစ်ယောက်ဟာ ရောဂါတစ်ခုခုကိုပဲ ဖြစ်ဖြစ်၊ ရန်သူကို၊ အခက်တစ်ခုကို ကျော်လွှားဖို့ အရေးအကြီးဆုံး အချက်က စိတ်ဓာတ်အင်အားပဲ ဖြစ်ပါတယ်။ စိတ်ဓာတ်အင်အားက ၅၀ ရာခိုင်နှုန်း၊ လုပ်ဆောင်နိုင်မှုက ၅၀ ဖြစ်ပါတယ်။

လက်နက် ဘယ်လိုပဲရှိရှိ၊ လုပ်ဆောင်နိုင်စွမ်း ဘယ်လောက်ရှိရှိ စိတ်ဓာတ်ကျနေရင် အခက်အခဲကို ကျော်လွှားဖို့ အောင်မြင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

မြန်မာစစ်ကောင်စီ တပ်တွေဟာ စိတ်ဓာတ်ကျဆင်းနေတဲ့ အပြင် အထက်က တစ်သွေးတစ်သံ တစ်မိန့်ကိုပဲ နားထောင်ပြီး စက်ရုပ်လို အလုပ်လုပ်နေရတာပါ။ ထိပ်ပိုင်း ခေါင်းဆောင်တွေ လောက်ပဲ ချမ်းသာပြီး အောက်ခြေစစ်သားတွေက စားဝတ်နေရေးကအစ ခက်ခဲကြပ်တည်းနေကြတာလည်း အများအသိ ဖြစ်ပါတယ်။

တပ်မိသားစုတွေကို ပြန်ပေးဆွဲသလို တပ်ထဲမှာ ပိတ်ထားပြီး တပ်သားတွေကို ဘယ်အချက် သေမယ်မှန်း မသိရတဲ့ ရှေ့တန်းကို မနားမနေထွက်ခိုင်းနေတဲ့ စစ်ကောင်စီ တပ်သားတွေ အနေနဲ့ ဘယ်လိုမှ စိတ်ဓာတ် အင်အား မကောင်းနိုင်ဘူးဆိုတာ သိသာထင်ရှားနေပါပြီ။

မြန်မာနိုင်ငံအနှံ့အပြား ဘက်ပေါင်းစုံက ဝင်လာနိုင်တဲ့ အန္တရာယ်ကြားက CDM မလုပ်တဲ့ စစ်ကောင်စီ တပ်သားတွေရဲ့ ဘဝဟာ ရှေ့တိုးလည်း ထမ်းပိုး၊ နောက်ဆုတ်လည်း လှည်းတုတ်ဆိုတဲ့ အနေအထားမှာ ရှိနေပြီ ဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly