ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ ခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

By ကိုခင်မောင် (မဇ္ဈိမ)
30 May 2023
ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ ခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ ခြေလျင်စစ်ကြောင်းကို ပဒေသာမိုင်းငါးလုံးတွဲဖြင့် နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့‌ကြောင်း အောင်ဆန်းမျိုးဆက်တပ်ဖွဲ့(မုံရွာခရိုင် တပ်ရင်း-၁၃) က သတင်းထုတ်ပြန်ထားသည်။

ဘုတလင်မြို့မှထွက်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးဆိုသူများပါဝင်သည့် အင်အား ၄၅ ဦးပါ ခြေလျင်စစ်ကြောင်းကို ဘုတလင်မြို့နယ်၊ မြောက်တောကြီးရွာအနီးတွင် မေလ ၂၉ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်က မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း အောင်ဆန်းမျိုးဆက်တပ်ဖွဲ့မှ ရဲဘော်ကိုအတာက မဇ္ဈိမသို့ ပြောသည်။

“မိုင်းဆွဲတာက နှစ်နေရာပါ၊ သိပ်ပြီး အရမ်းကြီးလည်း မဝေးဘူးဗျ။ စစ်ကြောင်းမှာပါတဲ့ ရှေ့ပြေးရယ်၊ ဒုတိယတစ်ယောက်ရယ်က နေရာမှာတင်ပဲသေတာကို မိုင်းဆွဲတဲ့ရဲဘော်တွေက မျက်မြင်တွေ့တာ၊ နောက်တစ်နေရာက ငါးဦဒဏ်ရာရတယ်” ဟု ၎င်းက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် ရှေ့ဆက်မသွားဘဲ သေဆုံးဒဏ်ရာ ရသူများနှင့်အတူ  ဘုတလင်မြို့အတွင်းသို့ ပြန်လည်ဝင်ရောက်သွားသည်ဟု ၎င်းကဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့မှ ထိခိုက်သေဆုံးမှု၊ ဒဏ်ရာရရှိမှုများနှင့်ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် သီးခြားအတည် ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် ဘုတလင်မြို့နယ်မြောက်ခြမ်းရှိကျေးရွာများသို့ မကြာခဏ စစ်ကြောင်း ထိုးလေ့ရှိကြောင်းလည်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း(၁၃)(အောင်ဆန်းမျိုးဆက်)နှင့် GPGDF(LDF)အဖွဲ့တို့က ပူး ပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်တပ်ဖွဲ့မှ ပစ်ခတ်မှုများရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး ရဲဘော်များ ထိခိုက်မှုမရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ 

အောင်ဆန်းမျိုးဆက်တပ်ဖွဲ့အနေဖြင့်  မိဘပြည်သူများ၏ ကူညီထောက်ပို့မှုကြောင့် တိုက်ပွဲများဖော် ဆောင်နိုင်ပြီး ယခုအချိန်အထိ တော်လှန်ရေးတွင်  အတူရှိနေပေးသော ပြည်သူများအား အထူးကျေးဇူး တင်ရှိကြောင်း၊ တော်လှန်ရေးကြီး ပြီးဆုံးသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြည်သူများသို့ အသိပေးထားသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required