မုံရွာမှထွက်ခွာလာသည့် စစ်ကောင်စီယာဉ်တန်း အလ္လကပ္ပနှင့် ဘိုးမင်းကြီးကင်းကျေးရွာအကြားတွင် မိုင်းဆွဲတိုက်ခိုက်ခံရ

By ပါခွီး (မဇ္စျိမ)
30 May 2023
မုံရွာမှထွက်ခွာလာသည့် စစ်ကောင်စီယာဉ်တန်း အလ္လကပ္ပနှင့် ဘိုးမင်းကြီးကင်းကျေးရွာအကြားတွင် မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းနှင့် ပစ္စည်းများတင်ဆောင် လာသောတွဲကားတန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Black Eagle Defence Force–MMU မေလ ၃၀ ရက် ယနေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီယာဉ်တန်းကို မုံရွာ-မန္တလေးလမ်းပိုင်း အလ္လကပ္ပနှင့်ဘိုးမင်းကြီးကင်းအကြားတွင် မေလ ၂၉ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်တွင် ပဒေသာမိုင်းသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်းဆိုသည်။

“ကားတန်းမှာ စစ်ကောင်စီတပ်သားတွေပါတယ်။ တွဲကားတွေရောပါတာဆိုတော့ ကြေးနီတွေသယ်လာ တယ်လို့ ယူဆပါတယ်။ အသေအဆုံးကတော့ အတည်မပြုနိုင်ဘူးဗျ” Black Eagle Defence Force – MMU တာဝန်ခံ ဗိုလ်စံရှားက မဇ္စျိမကိုပြောသည်။

ယာဉ်တန်းမှာ နှစ်သုတ်ဖြတ်သွားခြင်းဖြစ်ပြီး ရှေ့အသုတ်တွင် ရေဒီယိုလှိုင်းဖြတ်စက်တပ်ဆင်ထားသည့် ဂျန်မာကားနှင့် စစ်ကောင်စီတပ်ကားအချို့ဖြတ်သန်းသွားပြီး နောက်အသုတ် ၁၁ စီးပါကားတန်းကို တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ယင်းသို့တိုက်ခိုက်မှုကြောင့် နောက်ဆုံးကားလေးစီးမှ နှစ်စီးမြောက်ကားကို မိုင်းထိမှန်ခဲ့ပြီး သေဆုံးသူနှင့် ဒဏ်ရာရရှိသူများရှိနိုင်သော်လည်း အရေအတွက်ကို မသိရှိရကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

မိုင်းဆွဲတိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်မှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဖက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းဖြတ်သန်းရာလမ်းကြောင်းတွင် စစ်ကောင်စီတပ်မှကင်းပုန်းများ နေရာ အနှံ့ရှိနေပြီး ကြေးနီသယ်ဆောင်သည်ဟုယူဆရသောကားများဖြတ်သန်းချိန်တွင် ဝေဟင်မှ ဂျက်ဖိုက်တာ တစ်စီးပျံသန်းနေကြောင်း ဗိုလ်စံရှားပြောသည်။

ယင်းတိုက်ခိုက်မှုကို မြင်းမူ လင်းယုန်နက်ကာကွယ်ရးအဖွဲ့ (Black Eagle Defence Force – MMU) မှ ဦးဆောင်ပြီး မြင်းမူမြို့နယ် ပကဖ နှင့် People’s Defence Force Myinmu – MMU PDF ညီနောင်မဟာ မိတ်သုံးဖွဲ့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သော မေလ ၂၈ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်နှင့် ညနေ ၆ နာရီ ၅ မိနစ်တို့တွင်လည်း စစ်ကိုင်းမှ မုံရွာမြို့ဘက်သို့ထွက်ခွာလာသည့် မီးသတ်ကားနှင့် တွဲကားများတွင်လိုက်ပါလာသော စစ်ကောင်စီတပ် သားများကို အလ္လကပ္ပနှင့် ဝမ်းပြည့်အကြားတွင် Black Eagle Defence Force – MMU နှင့် မဟာမိတ် များက နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးခဲ့ကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required