လက်ပံတန်းတွင် စစ်ဆေးမှုများတင်းကြပ်နေပြီး  အရပ်သားများ ဖမ်းဆီးခံထားရ

By ရွှေနွယ် (မဇ္ဈိမ)
28 May 2023
လက်ပံတန်းတွင် စစ်ဆေးမှုများတင်းကြပ်နေပြီး  အရပ်သားများ ဖမ်းဆီးခံထားရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း အစစ် အဆေးတင်းကြပ်နေပြီး ဆိုင်ကယ်များနှင် ဖုန်းများလည်း မကြာခဏစစ်ဆေးခံနေရကြောင်း မြို့ခံများက မဇ္ဈိမသို့ပြောသည်။

လက်ပံတန်းမြို့အတွင်း၌ မြို့သိမ်းရန်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ မြို့ထဲရောက်ပြီဖြစ် ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်ဟု ဒေသခံတဦးကဆိုသည်။

“မေလ ၂၅ ရက်နေ့ ကြာသပတေးနေ့က မြို့ထဲကို PDF အယောက် ၆၀ လောက်ရောက်နေပြီ မြို့သိမ်းဖို့ ဆိုပြီး ကောလာဟလတွေ ထွက်သေးတယ်။ ဘယ်မှာမှတော့ ပစ်သံခတ်သံလည်း မကြားရပါဘူး။ သူတို့ ဘာသာ ပြည်သူတွေကို ဟိုဆွဲဒီဆွဲလုပ်ချင်လို့ လွှင့်နေသလားတော့မပြောတတ်ဘူး” ဟု လက်ပံတန်းမြို့ခံ ကပြောသည်။

ယင်သို့ သတင်းများထွက်ပေါ်ပြီးနောက် မေလ၂၆ ရက်နေ့ ညနေ ၆ နာရီခန့်တွင် လက်ပံတန်းမြို့နယ်၊ အိုင် တလုပ်ကျေးရွာအုပ်စု ရွာကလေးကျေးရွာတွင်နေထိုင်သူ ဒေါ်မြမြစိန်နှင့် သားဖြစ်သူ မောင်ထိန်လင်းတို့ အား စစ်ကောင်စီတပ်မှ လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများကဆိုသည်။

အဆိုပါသားအမိအား မည်သည့်အတွက် လာရောက်ဖမ်းဆီးသွားခြင်းကို မသိရသေးကြောင်း လက်ပံတန်း မြို့ခံတဦးက ပြောသည်။
ဖမ်းဆီးခံရသူ ဒေါ်မြမြစိန်မှာ အသက်(၄၀) ဝန်းကျင်ခန့်ရှိပြီး သားဖြစ်သူမှာ အသက်(၁၄)နှစ်အရွယ်ဖြစ် သည်။ ၎င်းတို့နှစ်ဦးအား လက်ရှိတွင် သာယာဝတီမြို့ ခလရ(၃၅)တပ်အတွင်း ဖမ်းဆီးထားသည်ဟုသိရ ကြောင်းလည်း ဒေသခံကဆိုသည်။

အဆိုပါ သားအမိဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ မည်သည့်အတွက် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း မဇ္ဈိမ အနေဖြင့် အတည်မပြုနိုင်သေးပေ။
လက်ရှိအချိန်တွင် လက်ပံတန်းမြို့နယ်၌ မြေပြင်အခြေအနေရှုပ်ထွေးမှုအချို့လည်းရှိနေကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၏ ပြောဆိုချက်အရသိရသည်။

“လက်ပံတန်းမှာက အခုရက်ပိုင်း နည်းနည်းရှုပ်နေတာလေးတွေရှိတယ်။ မြေပြင်မှာ အဖွဲ့တစ်ခုပေါ်နေ တယ်၊ ကျွန်တော်တို့နဲ့ချိတ်ဆက်ထားတာလည်း မရှိဘူး။ လုပ်ငန်းရှင်တွေဆီက အလှူခံနေတာတွေလည်း ရှိတယ်။ စုံစမ်းသိရသလောက် PDF အမည်ခံထားတဲ့ စစ်ကောင်စီလက်အောက်ခံတွေ ဖြစ်နိုင်ပါတယ်”ဟု သာယာဝတီခရိုင် PDF သတင်းပြန်ကြားရေးတာဝန်ခံမှပြောသည်။
လက်ပံတန်းမြို့နယ်တွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ လက်ရှိအချိန်အထိ ဖမ်းဆီးခံရသည့် အပြစ်မဲ့အရပ် သား ၂၀ ဦးထက်မနည်းရှိနေပြီဖြစ်ကြောင်းလည်း ပြန်ကြားရေးတာဝန်ခံကဆိုသည်။
ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း လက်ပံတန်းမြို့ လမ်းဆုံထရန်စဖော်မာအနီး ဗုံးတွေ့ရှိမှုနှင့်ဆက်စပ်၍ အရပ်သား ခြောက်ဦးအား စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားခဲ့သေးသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly