မင်းတပ်မြို့နယ်တွင် စစ်ကောင်စီ စခန်းများ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခံရ

By ပါခွီး (မဇ္ဈိမ)
28 May 2023
မင်းတပ်မြို့နယ်တွင် စစ်ကောင်စီ စခန်းများ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခံရ

ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီတပ် အထိုင်စခန်း နှင့် ရဲစခန်း ၊ ကင်းဂိတ်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) CDF – Mindat က မေလ ၂၈ရက် ယနေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ ပြစ်မှုကျူးလွန်မှုများကို ပြန်လည်တုံ့ပြန်သည့်အနေဖြင့် မင်းတပ်မြို့အခြေစိုက် ခလရ (၂၇၄) ၊ မင်းတပ်ရဲစခန်း ၊ ကန်ပက်လက်လမ်းခွဲရှိ စစ်ဆေးရေးဂိတ်များကို ရှော့တိုက်ဒုံး အလုံး ၃၀ဖြင့် မေလ ၂၅ရက်နေ့တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းဆိုသည်။

တိုက်ခိုက်ရာတွင် ပစ်မှတ်များအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက် ပျက်စီးမှုကို အတည်ပြုနိုင်ရန် စီစစ်နေဆဲဖြစ်ကြောင်းသိရသည်။

အဆိုပါတိုက်ခိုက်မှုကို CDF – Mindat နှင့်အတူ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) တပ်ရင်း(၁) ၊ စစ်ဒေသ(၁) ဂန့်ဂေါခရိုင်တပ်ရင်း (၃) နှင့် (၁၃) တို့မှ ပူးပေါင်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာများလက်သို့ လက်နက်ကြီး များ ဖြင့်ရမ်းသန်းပစ်ခတ်ခြင်းများပြုလုပ်လျက်ရှိသည့်အတွက် ပြည်သူ့အသက်အိုးအိမ်ဆုံးရှုံးခြင်း များလာကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“ကျနော်တို့လည်း သူတို့စခန်းထဲကို ထိချင်ရာထိ ပြန်ပစ်မှာပါ ။ နောက်ပြီး ဒါထက်ပို တဲ့ နည်းပညာပိုင်းဆိုင်ရာ တိုက်ခိုက်မှုမျိုးကိုပါ ဆက်လုပ်သွားမယ်” ဟု CDF – Mindat ရဲဘော်တစ်ဦးက မဇ္စျိမ ကိုပြောသည်။

စစ်ကောင်စီတပ်အနေဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူ့အသက်အိုးအိမ်များကို ထိခိုက်စေလိုသည့် ရည်ရွယ်ချက်ရှိရှိဖြင့် မင်းတပ်မြို့နယ်ဘက်ရှိကျေးရွာများသို့ ရမ်းသန်းပစ်ခတ်မှုများ ဆက်လက်ကျူးလွန်လာပါက ဆက်လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း CDF – Mindat ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မေလ ၂၆ရက်နေ့ကလည်း ကျောက်ထုမြို့မှ တက်လာသည့် စစ်ကောင်စီအင်အား ၁၈၀ ကို ကျောက်ထု - မင်းတပ်လမ်းပိုင်းတစ်နေရာတွင် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ များက ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ အသေအပျောက်ရှိခဲ့ကြောင်းသိရှိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima

#စစ်ကောင်စီ စခန်းများ တိုက်ခိုက်ခံရ

#မင်းတပ်မြို့နယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly