KNU တပ်မဟာ(၅)နယ်မြေရှိ စစ်ကောင်စီတပ်နှင့် BGF စခန်းများအား ဝင်ရောက်တိုက်ခိုက်

By YT (မဇ္ဈိမ)
27 May 2023
KNU တပ်မဟာ(၅)နယ်မြေရှိ စစ်ကောင်စီတပ်နှင့် BGF စခန်းများအား ဝင်ရောက်တိုက်ခိုက်

ကရင်အမျိုးသားအစည်းအရုံး (KNU)​၊ တပ်မဟာ (၅)နယ်မြေ၊ မူတြော်ခရိုင် ( ဖာပွန်ခရိုင်)၊ လယ်မူပလောမြို့နယ်ရှိ စစ်ကောင်စီတပ်နှင့် ၎င်းတို့​၏ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) စခန်းများအား တပ်မဟာ (၅) KNLA လက်အောက်ရှိ တပ်ရင်းရဲဘော်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း KNU- မူတြော်သတင်းစဉ်က ယမန်နေ့ မေလ ၂၆ ရက်နေ့က သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့က လယ်မူပလောမြို့နယ်၊ ယိုဒိုခိုနှင့် ယူဂိုလော် ဒေသကြားရှိ စစ်ကောင်စီတပ်နှင့် BGF တပ်စခန်းများအား တပ်မဟာ (၅) KNLA လက်အောက်ရှိ တပ်ရင်းရဲဘော်များက ပြောက်ကျားစစ်ဖြင့် ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

" ယိုဒိုခိုနှင့် ယူဂိုလော် ဒေသကြားရှိ စစ်ကောင်စီတပ်နှင့် BGF တပ်စခန်း သုံး၊ လေးခုအား တစ်ပြိုင်နက်တည်း ဝင်ရောက်စီးနင်းခဲ့၍ စစ်ကောင်စီတပ်ဘက်က အထိနာခဲ့သည်။ စစ်ကောင်စီတပ်နှင့် BGF စခန်းတစ်ခုအား သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်"ဟု KNU တပ်မဟာ (၅) ဒေသတွင်း လှူပ်ရှားနေသည့် KNU သတင်းအရင်းအမြစ်တစ်ဦးက ၎င်း​၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

မေလ ၂၃ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ကလည်း ဒွယ်လိုးမြို့နယ်၊ မထောကျေးရွာအခြေစိုက် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ဃော်ကလားကျေးရွာအတွင်း လက်နက်ကြီးနှစ်လုံး ကျရောက်ပေါက်ကွဲခဲ့၍ အသက် ၅၃ နှစ်အရွယ်ရှိ ဒေသခံ စောဖါးဝီးပြ သေဆုံးခဲ့ရကြောင်း သိရသည်။

ထို့အပြင် မေလ ၂၃ ရက်နေ့ကပဲ ဖာပွန်မြို့နယ်အခြေစိုက် အမြှောက်တပ်စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဖာပွန်မြို့နယ် မြောက်ဘက်ရှိ ကလော်ထာကျေးရွာအုပ်စုနှင့် ဘောသေထာကျေးရွာအုပ်စုရှိ ဒေသခံများ​၏ ရာဘာခြံများအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလအတွင်း မေလ ၂ ရက်နေ့က နီကန် တပ်နယ် (၃) BGF တပ်စခန်း၊ မေလ ၂၀ ရက်နေ့ ညနေပိုင်းက ကတဲတိ (ကတိုင်တိ) ကျေးရွာနှင့်ထီးကဆောမဲကျေးရွာ အကြားရှိ BGF ဂိတ်စခန်းတို့အား တပ်မဟာ (၅) KNLA ရဲဘော်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး BGF ဘက်မှ တပ်ခွဲမှူး စောဘာယိုအပါအဝင် ၁၁ ဦးသေဆုံးခဲ့ကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း KNU-မူတြော်သတင်းစဉ်က ထုတ်ပြန်ခဲ့သေးသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#လယ်မူပလောမြို့နယ်

#စစ်ကောင်စီတပ်

#KNU

#KNLA

#ထုတ်ပြန်ချက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly