ရေလယ်ကျွန်းမှာ စစ်တပ်က စစ်ကြောင်းထိုးစဉ် အမျိုးသမီး အသတ်ခံရပြီး လူပေါင်း ၁,၀၀၀ ကျော် ထွက်ပြေး

By MTO (မဇ္ဈိမ)
27 May 2023
ရေလယ်ကျွန်းမှာ စစ်တပ်က စစ်ကြောင်းထိုးစဉ် အမျိုးသမီး အသတ်ခံရပြီး လူပေါင်း ၁,၀၀၀ ကျော် ထွက်ပြေး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ကျေးရွာမျာကို စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် လက်နက်ကြီးများဖြင့် ပစ်ခတ်စစ်ကြောင်းထိုးစဉ် အမျိုးသမီး တစ်ဦး အသတ်ခံရပြီး လူပေါင်း ၁,၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်ရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်က ရေလယ်ကျွန်း ကျေးရွာများဖြစ်သည့် မိဖုရား ၊ မြေတော်၊ ကိုင်းဘိစပ်ကုန်း၊ မြေစွန်း၊ ရေယှား၊ လှေခုတ် စသည့် ကျေးရွာများကို မေလ ၂၆ ရက်နေ့နှင့် ယနေ့ မေလ ၂၇ ရက်နေ့ များတွင် စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“မီးရှို့ခံရတာ ရွာ ခုနစ်ရွာထက်မနည်း ရှိနေပြီ စစ်ရှောင်နေရသူတွေလည်း တစ်ထောင်ကျော် လောက်ရှိမယ်၊ သူတို့ သွားတဲ့နေရာနား ပတ်ချာလည်က ရွာတွေ အကုန်ရှောင်ရတာ၊ ဒီကျွန်းပေါ်တင် ပတ်ချာလှည့်ပြီး ရှောင်နေရတာ “ ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ သည် လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်လာချိန် မေလ ၂၆ ရက်နေ့က မိဖုရားကျေးရွာမှ အမျိုးသမီးတစ်ဦး ကျည်ထိမှန် သေဆုံးပြီး ကလေးငယ်တစ်ဦးလည်း ကျည်ထိမှန်ဒဏ်ရာရရှိထားကြောင်း ရေစကြို ပ.က.ဖ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ရေလယ်ကျွန်းဒေသ၏ တောင်ဘက်ခြမ်းနှင့် မြောက်ဘက်ခြမ်းကို အင်းအား ၁၀၀ ခန့်ပါဝင်သည့် စစ်ကြောင်း နှစ်ကြောင်းဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

“သူတို့ ဝင်တဲ့ရွာတိုင်းကို မီးရှို့ နေတာဆိုတော့ တစ်ကျွန်းလုံးကို မီးလောင်တိုက်သွင်းနေတဲ့ ပုံစံမျိုးကို ဖြစ်နေပြီ၊ ပြည်သူတွေအရှောင်မြန်နေလို့ မိမယ်ဆိုရင် အစုလိုက်အပြုံလိုက်သတ်မယ့် ပုံစံဖြစ်နေပြီ” ဟု ရေစကြို မြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်သည် ၎င်းတို့ ဝင်ရောက်သည့် ကျေးရွာတိုင်းတွင် လူနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ပြလုပ်နေ၍ ပျက်စီးဆုံးရှုံးမှု များပြားနိုင်သော်လည်း အခြေအနေ အသေးစိတ်ကိုမူ မသိရသေးကြောင်း ဒေသခံများက ပြောသည်။

ယင်းအာဏာသိမ်း စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ မေလ ၂၇ ရက်နေ မွန်းလွဲပိုင်းတွင် ငတရော်ရွာနှင့် မိုးဖြူ ရွာအကြား ရောက်ရှိလာပြီးနောက် စစ်ကြောင်းကို တပ်ဖျောက်ထားကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ရေလယ်ကျွန်း

#အမျိုးသမီးသေ

#ဒေသခံထွက်ပြေး

#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly