မန္တလေးမြို့ကောင်းကင်ယံပေါ် ဒရုန်း၁စင်းပျံဝဲ၊ စစ်အုပ်စုက ကြောက်လန့်ထွက်ပြေးပြီးနောက် သေနတ်ဖြင့်လိုက်ပစ်

By 007 (မဇ္စျိမ)
26 May 2023
မန္တလေးမြို့ကောင်းကင်ယံပေါ် ဒရုန်း၁စင်းပျံဝဲ၊ စစ်အုပ်စုက ကြောက်လန့်ထွက်ပြေးပြီးနောက် သေနတ်ဖြင့်လိုက်ပစ်

မန္တလေးမြို့ ကောင်းကင်ယံတွင် ယမန်နေ့ည ၈နာရီခန့်က ဒရုန်းတစ်စင်းပျံဝဲနေသည်ကို စစ်အုပ်စုက သေနတ်ဖြင့်လိုက်လံပစ်ခတ်ရာမှ သေနတ်သံများဆူညံစွာထွက်ပေါ်ခဲ့ပြီး ဒေသခံများ အထိန့်တလန့်ဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ဖြစ်စဉ်သည် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တွင် ယမန်နေ့မေလ ၂၅ ရက်နေ့ ည ၈ နာရီ ၁၅  မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နာရီ၀က်ခန့်သေနတ်သံများဆက်တိုက်ကြားခဲ့ရကြောင်း ဒေသခံများကဆိုသည်။

" မြို့သစ်ဘက်နေရာတော်တော်များများဖြစ်သွားတာပါ။ ဘယ်သူ့ဒရုန်းလဲတော့မသိဘူး။ ငါးမိနစ်လောက်တော့ ပျံဝဲခဲ့တယ်။ အဲဒါကို စစ်သားတွေကလိုက်ပစ်တာ။ မြို့သစ်တစ်ခုလုံးဆူညံပွက်လောရိုက်သွားတယ်" ဟု ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သူတစ်ဦးကပြောသည်။

ဒရုန်းပျံဝဲနေသည်ကို  ပြည်ကြီးတံခွန်မြို့နယ် (ဃ) ရပ်ကွက်၊ပြည်ကြီးတံခွန်ရဲစခန်းနှင့် ရန်အောင်ဈေးအနီးပတ်၀န်းကျင်၊ ချမ်းမြသာစည်မြို့နယ်၊မနော်ဟရီလမ်း၊ ၅၉ လမ်းနှင့် လမ်း ၆၀ ကြားတလျှောက်၊ အောင်ပင်လယ်၊အောင်သာယာနှင့်ကံသာယာရပ်ကွက်များ၊ ၆၂ လမ်းခုတင် ၃၀၀ ဆံ့ဆေးရုံအနီးပတ်၀န်းကျင်တို့တွင် တွေ့ခဲ့ရကြောင်းသိရသည်။

" ၅၉ လမ်းမီတာရုံးနားမှာ ဒရုန်းဝဲတော့၊ အဲဒီ(မီတာရုံး)ကစစ်သားတွေ ပထမတော့ထွက်ပြေးတယ်။  နောက်တော့ သေနတ်တွေ မိုးပေါ်ထောင်ပြီးလိုက်ပစ်တာ ၆၂ လမ်းဘက်အထိရောက်တယ်။  ရယ်လည်းရယ်စရာ၊ကြောက်လည်းကြောက်စရာကြီး။ သူတို့ကရမ်းသန်းပစ်ကြတာ"ဟု ဖြစ်စဉ်အား မြင်တွေ့ခဲ့သူတစ်ဦးကပြောသည်။

နာရီ၀က်ခန့်ကြာ သေနတ်အတွဲလိုက်ပစ်ခတ်သံများဆူညံစွာကြားခဲ့ရပြီးနောက် စစ်ကောင်စီတပ်က  တစ်အိမ်ဆင်းတစ်အိမ်တက်ဧည့်စာရင်းစစ်ခဲ့ကြောင်း၊ တချို့နေအိမ်များတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများသိမ်းယူသွားပြီး စစ်ယာဉ်တန်းဖြင့်လည်း တစ်ညလုံးကင်းလှည့်ခဲ့ကြောင်း ပြည်ကြီးတံခွန်မြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်ဒေသခံများက ပြောသည်။

ယမန်နေ့ညက ပျံဝဲခဲ့သည့်ဒရုန်းနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းမှဖြစ်ကြောင်း အတည်မပြုနိုင်သေးပေ။ ထို့အတူ စစ်အုပ်စုက ယင်းဒရုန်းအား ပစ်ချနိုင်ခြင်းရှိမရှိလည်း မသိရသေးပေ။ 

စာတည်း-မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly