KNU နယ်မြေ သံတောင်ရှိ မြို့ပေါ်ရပ်ကွက်များကို စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးများ ‌ထိမှန်

By YT (မဇ္ဈိမ)
24 May 2023
KNU နယ်မြေ သံတောင်ရှိ မြို့ပေါ်ရပ်ကွက်များကို စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးများ ‌ထိမှန်
ဓါတ်ပုံ- ThanDaungMuPoe

ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ တပ်မဟာ (၂) နယ်မြေ၊ တောင်ငူခရိုင်၊ သံတောင်မြို့ (၁၃) မိုင်ရှိ မြို့ပေါ် ရပ်ကွက်များကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်မှာ သုံးရက်ဆက်တိုက်ရှိပြီဖြစ်ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

"ညဘက်တွေဆို ပစ်နေတာ၊ မြို့ပေါ်ရပ်ကွက်တွေထဲ ကျတာရှိတယ်၊ ခရစ်ယာန် ဘုရားကျောင်းတွေ ပျက်စီးတာရှိတယ်၊ Sunday School လို့ခေါ်တဲ့ကျောင်းကတော့ ခေါင်မိုးတွေ တော်တော်ပျက်စီးသွားတယ်၊ လူအထိအခိုက်ရှိတယ်လို့တော့ မကြားမိဘူး" ဟု သံတောင်မြို့ (၁၃) မိုင် ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့၊ ည ၇ နာရီဝန်းကျင်မှစ၍ မေလ ၂၃ ရက်နေ့ နံနက်အစောပိုင်းအထိ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ သံတောင်မြို့ (၁၃) မိုင်၊ ရပ်ကွက် (၂) နှင့် ရပ်ကွက် (၃) အကြားရှိ ခရစ်ယာန်ဘုရားကျောင်း အဆောက်အအုံတစ်ခုနှင့် ရာဘာခြံတို့ကို ကျရောက်ပေါက်ကွဲခဲ့ရာ ပျက်စီးမှုအချို့ ရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ မေလ ၂၃ ရက်နေ့ည ၈ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးသည် သံတောင်မြို့ (၁၃) မိုင်၊ ရပ်ကွက် (၃) ကို ကျရောက်ပေါက်ကွဲခဲ့သော်လည်း လူအထိအခိုက်မရှိကြောင်း သိရသည်။

ယင်းအပြင် သံတောင်မြို့ (၁၃) မိုင်၊ ရပ်ကွက် (၃) အနီးရှိ Sunday School ကျောင်းကိုလည်း မေလ ၂၁ ရက်နေ့တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာ ကျောင်းဆောင်၏ ခေါင်မိုးများ၊ ကျောင်းဆောင်နံရံများ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

သံတောင် (၁၃) မိုင်အနီးတွင် မေလ ၂၁ ရက်နေ့ညက KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ထိုတိုက်ပွဲဖြစ်ပွားမှု အခြေအနေအသေးစိတ်ကို မသိရပေ။

သံတောင်မြို့ (၁၃) မိုင်ရှိ ဒေသခံအချို့သည် တိုက်ပွဲဖြစ်ပွားမှု၊ စစ်ကောင်စီတပ်၏ ရပ်ကွက်များအတွင်း လက်နက်ကြီးပစ်ခတ်မှုများကြောင့် ရှောင်တိမ်းနေရာမှ ယခုမေလ အစောပိုင်းမှစ၍ နေရပ်တွင် ပြန်လည်နေထိုင်ကြသော်လည်း ယခုကဲ့သို့ လက်နက်ကြီးများ ရက်ဆက်ပစ်ခတ်ခံနေရသဖြင့် ပြန်လည်တိမ်းရှောင်သူများ ရှိနေကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်

#သံတောင်(၁၃)မိုင်

#မြို့ပေါ်ရပ်ကွက်ကိုလက်နက်ကြီးပစ်

#Mizzima

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly