ရခိုင်တွင် မိုခါမုန်တိုင်းအပြီး ပြန်လည်ထူထောင်ရေး ကူညီနေသည့် စာရေးဆရာဝေဟင်အောင် ပြန်လည် လွှတ်လာ

By KMN (မဇ္ဈိမ)
24 May 2023
ရခိုင်တွင် မိုခါမုန်တိုင်းအပြီး ပြန်လည်ထူထောင်ရေး ကူညီနေသည့် စာရေးဆရာဝေဟင်အောင် ပြန်လည် လွှတ်လာ
Photo - Wai Hun Aung/FB (ပုံဟောင်း)

ရခိုင်ပြည်နယ်တွင်   မိုခါဆိုင်ကလုန်း မုန်တိုင်းဝင်ရောက်မှုကြောင့်  ထိခိုက်ပျက်စီးမှုများရှိပြီး ပြန်လည်ထူထောင်ရေးအတွက် လူမှုကူညီရေးလုပ်ငန်းများဆောင်ရွက်နေသည့် စာရေးဆရာဝေဟင်အောင်နှင့် အဖွဲ့ကို ယမန်နေ့ မေလ ၂၃ ရက် ညနေပိုင်းတွင်  စစ်ကောင်စီက ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး ယနေ့ မေလ ၂၄ ရက် မနက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ 

"ဆရာ ကျန်းကျန်းမာမာနဲ့ အိမ်မှာရှိပါတယ်။ ကျေးဇူးပါ" ဟု သူ၏ မိသားစုနှင့် နီးစပ်သူက မဇ္ဈိမ ကိုအတည်ပြု ပြောကြားသည်။

စာရေးဆရာဝေဟင်အောင် အပါအ၀င် ငါးဦးသည်  ယမန်နေ့ညနေ ၃ နာရီ ဝန်းကျင်တွင် ပုဏ္ဏားကျွန်းမြို့နယ်သို့ ကူညီထောက်ပံ့ရေးပစ္စည်းများပေးအပ်ရန် သွားရောက်စဉ် စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ 

စာရေးဆရာ ဝေဟင်အောင်၊ ၎င်း၏ သမီးနှင့် တပည့်၊ ရန်ကုန်မှ ပရဟိတသမားနှစ်ဦး  စုစုပေါင်း ၅ ဦး သည်  ယနေ့ မနက် ၁၁ နာရီဝန်းကျင်တွင် ပြန်လည်လွှတ်မြောက်လာပြီဖြစ်ကြောင်း   ရခိုင်ဒေသတွင်း သတင်းဌာနများတွင် ဖော်ပြထားသည်။

စာရေးဆရာ ဝေဟင်အောင်သည် မုန်တိုင်းကြောင့်ပျက်စီးခဲ့သည့် စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော် စသည့် မြို့နယ်များသို့ သွားရောက်ပြီး ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူဖြစ်ကြောင်း မြို့ခံတစ်ဦးကပြောကြားသည်။

စာရေးဆရာ ဝေဟင်အောင်သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ပြုလုပ်သည့် “ရခိုင့်ဘုရင်နိုင်ငံတော် အချုပ်အခြာအာဏာကျရှုံးခြင်း” ဝမ်းနည်းဖွယ် အထိမ်းအမှတ် စာပေဟောပြောပွဲတွင် ဟောပြောချက်များသည် ဥပဒေနှင့် မညီညွတ်ဟုဆိုကာ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ- ၁၂၂ ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ- ၅၀၅ (ခ)တို့ဖြင့် ၂၀၁၉ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ် နှစ်(၂၀) ချမှတ်ခဲ့သည်။

ယင်းနောက် ၎င်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်၊ (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ရန်ကုန် အင်းစိန်ဗဟိုအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူ ဖြစ်သည်။စာတည်း ။ ။ အောင်ကျော်ဖြိုး 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required