ရခိုင်ရှိ မုန်တိုင်းဒဏ်သင့် ပြည်သူအများစု ကယ်ဆယ်ရေး အထောက်ပံ့များ မရကြသေး

By 001 (မဇ္စျိမ)
23 May 2023
ရခိုင်ရှိ မုန်တိုင်းဒဏ်သင့် ပြည်သူအများစု ကယ်ဆယ်ရေး အထောက်ပံ့များ မရကြသေး

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” တိုက်ခတ်ပြီး တစ်ပတ်ကျော်ကြာသည်အထိ ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ်သင့် ပြည်သူအများစုမှာ စစ်ကောင်စီထံမှ အကူအညီများ မရရှိသေးကြောင်း မြေပြင်တွင် ကူညီနေသည့် ပရဟိတအဖွဲ့များနှင့် ဒေသခံများက မဇ္ဈိမကို ပြောသည်

မိုခါမုန်တိုင်းကြောင့် ရသေ့တောင်၊ ဘူးသီးတောင် ၊ မောင်တော ၊ စစ်တွေ၊ ပုဏ္ဏားကျွန်း ၊ ကျောက်တော်၊ ပေါက်တော၊ မြောက်ဦး၊ မင်းပြား စသည့်မြို့နယ်များတွင် ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။

အိမ်ခြေ ၃၀၀ နီးပါးရှိပြီး မုန်တိုင်းဒဏ်သင့်ထားသည့် ပေါက်တောမြို့နယ်၊ ချောင်းစောက်ကျေးရွာတွင် လက်ရှိအချိန်အထိ မည်သည့်ထောက်ပံ့မှုမျှ မရရှိသေးကြောင်း ဒေသခံများက ပြောသည်။

ယင်းကျေးရွာမှာ မုန်တိုင်းကြောင့် လူနေအိမ်များ ၉၀ ရာခိုင်နှုန်းခန့် ပျက်စီးသွားသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက မဇ္ဈိမကို ပြောသည်။

“အခုထိ မြို့နယ်ကလည်း ဘာအစီအစဉ်မှ မရှိသေးပါဘူး၊ ကျွန်တော်တို့ကိုလည်း ဘာမှခေါ်ပြီးမှ ပြောတာလည်း မရှိသေးပါဘူးခင်ဗျ၊ ဘေးနားက ရွာတွေလည်း အတူတူပါပဲ၊ ဒီပတ်၀န်းရွာတွေမှာတော့ အဲ့ဒီအတိုင်းပါပဲ၊ ဘယ်ရွာကမှလည်း ဘာတစ်ခုမှလည်း အကူအညီမရသေးဘူး၊ ခေါ်ယူဆွေးနွေးတာတွေလည်း မရှိသေးဘူး”ဟု အုပ်ချုပ်ရေးမှူးက ပြောသည်။

ရွာခံများအနေဖြင့် လက်ရှိတွင် ပျက်စီးသွားသော နေအိမ်များကို ကိုယ်ထူ ကိုယ်ထစနစ်ဖြင့် ပြန်လည်ပြုပြင်ဆောက်လုပ်နေရ သကဲ့သို့ အစားအသောက်ကိုလည်း တစ်ဦးနှင့် တစ်ဦး ဝေမျှစားသောက်နေရကြောင်း ဆိုသည်။

စစ်ကောင်စီသည် ထိုသို့ ကျေးရွာများတွင် ထောက်ပံ့မှုများ မရှိသော်လည်း ပေါက်တောမြို့ပေါ်က ရပ်ကွက်အချို့မှာမူ ဆန်တစ်မျိုးတည်းကိုသာ ထောက်ပံ့ပြီး အဆိုပါ ထောက်ပံ့မှုမှာလည်း မလောက်ငှဟု ပေါက်တောမြို့ခံတစ်ဦးက မှတ်ချက်ပေးသည်။

“ဒီတစ်ရက် နှစ်ရက်မှာ မြို့ပေါ်မှာလည်း ရပ်ကွက်အစုံတော့ မဟုတ်ဘူး၊ ရပ်ကွက် (၃) ရယ် ၊ ရပ်ကွက် (၄) ရယ် အဲ့ဒီလို၊ ဆန်တစ်ခုပဲပေးတာ၊ အိမ်ထောင်စုတစ်ခုကို ကျွန်တော်တို့ဆီမှာတော့ လေးသိုက်လို့ ပြောတာပေါ့၊ နို့ဆီဘူး ၁၆ လုံးပေါ့”ဟု ပေါက်တောမြို့ခံ ကိုကျော်ကျော်ခိုင်က ပြောသည်။

ပေါက်တောမြို့ပေါ် နေရာအားလုံးတွင် ထောက်ပံ့မှု မရသေးကြောင်းနှင့် စစ်ကောင်စီ၏ ထောက်ပံ့မှုကိုရရှိသော ကျေးရွာအချို့ ရှိသော်လည်း ကျေးရွာအများစုမှာ ကူညီကယ်ဆယ်ရေး ထောက်ပံ့များ မရရှိသေးဘဲ အခက်အခဲများဖြင့် ရင်ဆိုင်နေကြရကြောင်း ကိုကျော်ကျော်ခိုင်က ဆိုသည်။

အလားတူ ရသေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ်က ကျေးရွာ ၁၅ ရွာမှ အိမ်ခြေ ၂,၀၀၀ ကျော်တွင်လည်း လက်ရှိအချိန်အထိ ထောက်ပံ့ကူညီမှု ကြီးကြီးမားမား မရရှိသေးဘဲ ပရဟိတအဖွဲ့များ၏ ပူးပေါင်းထောက်ပံ့မှုများသာ ရှိသေးကြောင်း မြေပြင်စာရင်းကောက်ယူခဲ့သည့် ပရဟိတအဖွဲ့၀င်တစ်ဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ စာရင်းသည် ကူညီထောက်ပံ့မှုများ ပြုလုပ်ရန် မေလ ၂၂ ရက်နေ့က ၎င်းတို့ ပရဟိတအဖွဲ့များ ပူးပေါင်းကောက်ယူရရှိခဲ့သည့် စာရင်းအရေအတွက်ဖြစ်ကြောင်း ဆိုသည်။

“ထောက်ပံ့မှုကတော့ လောလောဆယ်ကတော့ ကျွန်တော်တို့ရောက်တဲ့အထိ ထောက်ပံ့မှု ကြီးကြီးမားမားမရကြသေးဘူး၊ ရွာတွေမှာတော့ ထောက်ပံ့တာ သိပ်မရှိဘူး”ဟု ပရဟိတအဖွဲ့ဝင် တစ်ဦးက ပြောသည်။

အဆိုပါ ကျေးရွာများတွင် သောက်သုံးရေ အခက်အခဲများအတွက် ပြင်ပအလှူရှင်များ၏ လှူဒါန်းမှုများဖြင့် ဖြေရှင်းနေရကြောင်းလည်း သိရသည်။

ပရဟိတအဖွဲ့များအနေဖြင့်လည်း ၎င်းတို့ထံတွင်ရှိသည့် ရန်ပုံငွေထဲမှ တတ်နိုင်သလောက်ကို ပြန်လည်လှူဒါန်းရခြင်းဖြစ်၍ မုန်တိုင်းသင့်ပြည်သူများအား ထောက်ပံ့ရာတွင် လိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်း ပရဟိတအဖွဲ့များနှင့် နီးစပ်သည့် စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

စစ်တွေမြို့ပေါ်တွင်လည်း စစ်ကောင်စီက ရပ်ကွက်အချို့တွင် ဆန်၊ ဆီထောက်ပံ့မှု အချို့ ရှိသော်လည်း လုံလုံလောက်လောက် မရှိကြောင်း ၎င်းကပြောသည်။

“စစ်ကောင်စီက ရွာတစ်ရွာမှာ အိမ်ခြေ ၄၀၀ ကျော်ရှိတယ်ဆိုပါတော့၊ အဲ့ဒီအတွက် ဆန်အိတ် ၁၀၀ ပေးတယ်၊ ဘဲဥ အလုံး ၃၀၀ ပေါ့၊ အိမ်ခြေ ၄၀၀ ကျော်ကို ဘဲဥအလုံး ၃၀၀ ပေးတော့ တစ်အိမ်တစ်လုံးတောင်မှ မလောက်ငှဘူး၊ အဲ့ဒီလိုပုံစံမျိုးတွေ ဖြစ်နေတယ်၊ မယူလို့လည်း မရဘူး၊ သွားယူရတယ်၊ ကျွန်တော်တို့ မယူဘူး၊ ရွာမှာ အဝေမတည့်ဘူးပေါ့၊ မလောက်ဘူးပေါ့၊ အဲ့ဒီလိုပြောတာလည်း မရဘူး၊ ယူရတယ်”ဟု အထက်ပါ စစ်တွေမြို့ခံက မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်နယ်တွင် “မိုခါ” ဆိုင်ကလုန်း မုန်တိုင်းကြောင့် ပျက်စီးသွားသည့် မြို့နယ်များအနက် စစ်တွေနှင့် ရသေ့တောင်မြို့နယ်သည် မုန်တိုင်းဒဏ်ကို ဆိုးဆိုးရွားရွား ကြုံခဲ့ရကြောင်း UN OCHA Myanmarက ထုတ်ပြန်ထားသည်။

ရခိုင်ကမ်းရိုးတန်းကို ဦးတည်ပြီး မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”ကြောင့် ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများ အပါအဝင် ၁၄၈ ဦးသေဆုံးခဲ့ကြောင်း စစ်ကောင်စီ၏ မေလ ၂၂ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဒါးပိုင် ရိုဟင်ဂျာ ကယ်ဆယ်ရေးစခန်းတွင်လည်း မုန်တိုင်းတိုက်ပြီးချိန်မှ လက်ရှိအချိန်အထိ မည်သည့်အထောက်အပံ့မှမရဘဲ ကိုယ်ထူကိုယ်ထပုံစံဖြင့်သာ နေထိုင်နေရကြောင်း ဒါးပိုင်စခန်းရှိ ရိုဟင်ဂျာတစ်ဦးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီထိန်းချုပ်ထားသော မေလ ၂၂ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် စစ်ကောင်စီအဖွဲ့ဝင်များက ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် စာသင်ကျောင်းများ အပါအ၀င် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေရာများကို လှည့်လည်ကြည့်ရှုပြီး မုန်တိုင်းဒဏ်သင့် အိမ်ထောင်စုများကိုလည်း ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့သည်ဟု ဖော်ပြထားသည်။

မြောက်ဦး၊ မင်းပြားနှင့် ရသေ့တောင်မြို့နယ်များရှိ စစ်ကောင်စီတပ်သားများနှင့် မိသားစု၀င်များကို စားသောက်ဖွယ်ရာများ၊ အဆောက်အအုံ သုံးပစ္စည်းများနှင့် မီးဖိုချောင်သုံးပစ္စည်းများ ထောက်ပံ့ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကောင်စီအနေဖြင့် မိုးကာတဲများ၊ မိုးကာများ၊ သွပ်များ၊ အိမ်ရိုက်သံများအပါအဝင် ထောက်ပံ့ရေးပစ္စည်းများကို ရခိုင်ပြည်နယ်သို့ ရေကြောင်း၊ လေကြောင်းတို့ဖြင့် ပို့ဆောင်ပြီး စနစ်တကျ ဖြန့်ဝေပေးလျက်ရှိကြောင်းလည်း စစ်ကောင်စီ ထိန်းချုပ်ရာ သတင်းစာများတွင် ဖော်ပြလျက်ရှိသည်။

မြေပြင်တွင်မှု စားနပ်ရိက္ခာ ခက်ခဲနေသော ကျေးရွာများ၌ စစ်ကောင်စီ၏ ကူညီကယ်ဆယ်ရေး လှုပ်ရှားမှုများကို မတွေ့ရသေးသကဲ့သို့ နိုင်ငံတကာနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ထောက်ပံ့မှုမှာလည်း အနည်းအကျဥ်းသာ ရရှိသေးကြောင်း ရခိုင်အရပ်ဘက်အဖွဲ့အစည်းများကွန်ရက် (ACN) က မေလ ၂၁ ရက်နေ့မှာ မဇ္ဈိမကို ပြောဆိုထားသည်။

စာတည်း။ ။ နောင်နောင်

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ကယ်ဆယ်ရေးအထောက်အပံ့တွေမရသေး

#ရခိုင်

#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly