မုန်တိုင်းဒဏ်သင့်နေရာသို့ နိုင်ငံတကာအကူအညီများ အချိုးကျရောက်ရှိရန်လိုအပ်ကြောင်း NUG ပြော

By ဂျူချန်း၊ ရွှေနွယ် (မဇ္ဈိမ)
21 May 2023
မုန်တိုင်းဒဏ်သင့်နေရာသို့ နိုင်ငံတကာအကူအညီများ အချိုးကျရောက်ရှိရန်လိုအပ်ကြောင်း NUG ပြော

ရခိုင်ပြည်နယ်နှင့် မုန်တိုင်းသင့်ဒေသများသို့ အာဆီယံမှပေးလာသော အရေးပေါ်တုံ့ပြန်မှု အကူ အညီများ စနစ်တကျရသင့်ရောက်သင့်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက် ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောသည်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့သည်လည်း မိုခါမုန်တိုင်းဒဏ်ကိုခံစားခဲ့ရပြီး ပျက်စီးဆုံးရှုံး မှုများစွာရှိနေသောကြောင့် အဆိုပါဒေသများသို့လည်း အာဆီယံမှပေးအပ်သော အကူအညီများ အချိုးကျ ရသင့်သည်ဟု ဝန်ကြီးကပြောသည်။

“လူသားချင်းစာနာမှု အကူအညီပေးတယ်ဆိုတာက ခွဲခြားမှုမရှိရဘူး။ တကယ်လိုအပ်နေတဲ့နေရာတွေဆီ တကယ်ရောက်အောင် ပေးနိုင်ရမယ်။ အာဆီယံဆိုတာကလည်း ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ အတွက် ကြောင့် ဒီဒေသတွင်းမှာဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေကို အတွင်းရေးပဲဖြစ်ဖြစ် အပြင်ရေးပဲဖြစ်ဖြစ် ဘယ်လိုကြောင့်ဖြစ်ဖြစ် ပြည်သူဒုက္ခရောက်ပြီဆို ဒုက္ခရောက်နေတဲ့နေရာကို လူသားချင်းစာနာမှု အကူ အညီကို ရောက်အောင်ပေးဖို့ လူသားချင်းစာနာမှု လူ့အခွင့်အရေးတွေနဲ့အညီ ကိုက်ညီအောင်လုပ်ဖို့ တိုက် တွန်းတာဖြစ်တယ်။ ဒါ အင်မတန်အရေးကြီးတယ်” ဟု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ပြောသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် အာဆီယံမှထောက်ပံ့မည့် လူသားချင်းစာနာထောက်ထား မှုအကူအညီများကို ယနေ့ မေလ ၂၁ ရက်တွင် ကုန်စည်ပို့ဆောင်ရေးလေယာဉ်ဖြင့် ပထမအကြိမ်ပို့ဆောင် လိုက်ခြင်းဖြစ်သည်။

နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများသည် စစ်ကောင်စီလက်အောင်တွင်သာ မူအရ ကူညီ ကယ်ဆယ်ခြင်းလုပ်ငန်းများဆောင်ရွက်နေရသဖြင့် တော်လှန်ရေးအားကောင်းသည့်ဒေသများသို့ နိုင်ငံ တကာအကူအညီများ ရောက်ရှိရန်မှာ ရာခိုင်နှုန်းအနည်းငယ်သာရှိကြောင်း ဆိုသည်။

“စစ်ကောင်စီရဲ့ လွှမ်းမိုးမှုရှိတဲ့အတွက်ကြောင့် တကယ်ဒုက္ခရောက်တဲ့နေရာကို သေချာပေါက် အပြည့် အဝ ရောက်ဖို့ဆိုတာ ဘယ်လိုမှ မလွယ်ဘူး။
အနည်းအကျဉ်းလောက်ကို ဟန်ပြလုပ်မယ်။ သေချာတယ်။ သူတို့အုပ်ချုပ်မှုနယ်မြေ၊ သူတို့ဘက်တော်သားတွေဆီကိုပဲ ရောက်သွားမယ်။ ပြည်သူတွေနဲ့ တကယ် ဒုက္ခ ရောက်နေတဲ့ တော်လှန်ရေးအင်အားစုတွေဘက်တော့ ဘယ်လိုနည်းနဲ့မှ မရောက်နိုင်ဘူး” ဟု ဒေါက်တာ ဝင်းမြတ်အေးက
ပြောသည်။

သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှုအကူအညီပေးရေး အာဆီယံညှိနှိုင်းဆောင်ရွက်မှု စင်တာ AHA မှ အကူအညီပစ္စည်းများကို ပြင်ဆင်ထားပြီး ဖြစ်ပြီး ထိုင်းနိုင်ငံ Chainat နှင့် မလေးရှားနိုင်ငံ Subang ရှိ အာဆီယံ၏ သဘာဝဘေးအန္တရာယ် အရေးပေါ်ထောက်ပံ့ပို့ဆောင်မှု
ကုန်လှောင်ရုံများတွင် ထားရှိကာ ယနေ့ မေလ ၂၁ ရက်တွင် မြန်မာနိုင်ငံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မိုခါမုန်တိုင်း တိုက်ခတ်မှုအပြီး နိုင်ငံတကာမှ ပထမဆုံးရောက်ရှိလာသည့် ကယ်ဆယ်ရေး ဆိုင်ရာပစ္စည်း စုစုပေါင်းတန်ချိန် ၄၀ တန်ခန့်သည်လည်း အိန္ဒိယရေတပ်သင်္ဘောများဖြစ်သည့် INS Shivalik ၊ INS Kamorta နှင့် INS Savitri တို့ဖြင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Shri
Vinay Kumar မှတဆင့် စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းထံသို့ မေလ ၁၈ ရက်နေ့တွင် အခမ်းအနား ဖြင့် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်းမိုခါ အဓိကဖြတ်ကျော်ဝင်ရောက်ရာဒေသဖြစ်သည့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် နေအိမ်များ၊ သာသနိကအဆောက်အဦများ၊ အစိုးရဌာနဆိုင်ရာရုံးများ၊ ကျောင်းများအပါ အဝင် လယ်မြေ၊ ရေတွင်းရေကန်၊ လမ်းတံတားများသည် ၉၀ ရာခိုင်နှုန်းနှင့် အထက် ပျက်စီးသွားကြောင်း ဒေသခံများကပြောသည်။

အလားတူ မိုခါမုန်တိုင်း ဖြတ်ကျော်ဝင်ရောက်ရာ လမ်းကြောင်းတစ်လျှောက်တွင်ရှိနေသော ချင်းပြည် နယ်တွင်လည်း လူနေအိမ်များ၊ ကျေးရွာများ၊ စားပါးကျီများ ပျက်စီးဆုံးရှုံးခဲ့ရသည်။

ချင်းပြည်နယ်သည် ဖုန်းလိုင်း၊ အင်တာနက်လိုင်းဖြတ်တောက်ခံထားရသည့်ဒေသ ဖြစ်သောကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများမှာ ပြင်ပမှသိရှိရန်ခက်ခဲနေခြင်းဖြစ်သည်။

လူနေအိမ်များနှင့်အတူ စပါးကျီများ၊ အိမ်မွေးတိရစ္ဆာန်များပါဆုံးရှုံးထားရသော ချင်းပြည်နယ် ကန်ပက် လက်မြို့နယ်တွင် မုန်တိုင်းမဝင်ရောက်မီက အရေးပေါ်သုံးစွဲရန် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီကကူညီသော ကျပ်ငွေ ၁၀ သိန်းမှအပ လက်ရှိအချိန်အထိ မည်သည့်အကူအညီမှမရရှိသေး ကြောင်း ကန်ပက်လက်မြို့နယ် မိုခါမုန်တိုင်း အရေးပေါ်တုန့်ပြန်ရေးကော်မတီအတွင်းရေးမှုးက မဇ္ဈိမကို ပြောသည်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင်လည်း မိုခါမုန်တိုင်းကြောင့် ကျေးရွာပေါင်း ၄၉ ရွာမှ လယ်မြေဧက ၁၀,၀၀၀ ကျော် ဆုံးရှုံးပျက်စီးခဲ့ရသည်။

အလားတူ စစ်ကိုင်းတိုင်းအတွင်းရှိ အခြားဒေသများနှင့် မကွေးတိုင်းအတွင်း၌လည်း လယ်မြေဧကများစွာ ၊ သီးနှံစိုက်ခင်းများစွာ ဆုံးရှုံးခဲ့ရကာ ရေကြီးနစ်မြုပ်မှုဒဏ်ကို ပြည်သူများ ခံနေကြရသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုဒဏ်ကို ခံခဲ့ရသည့် မကွေးတိုင်း၊ စလင်းမြို့နယ်တွင်မူ လက်ရှိချိန်ထိ ဒေသတွင်း အဖွဲ့အစည်းများကသာ ကူညီကယ်ဆယ်မှုများ ဆောင်ရွက်နေရပြီး နိုင်ငံတကာ အဖွဲ့အစည်း များအပါအဝင် အစိုးရနှင့် အခြားအရပ်ဖက်အဖွဲ့အစည်းများ အားလုံးထံမှ အကူအညီများရရှိရန် မျှော်လင့် လျက်ရှိကြောင်း ဆိုသည်။

“နိုင်ငံတကာဆီက ဒုက္ခရောက်နေတဲ့သူအကုန်လုံး အကူအညီများများရလေ ကောင်းလေပေါ့ဗျာ။ မျှော် လင့်တာပေါ့။ လက်ရှိတော့ ပြည်တွင်းက
ပရဟိတအဖွဲ့တွေနဲ့ လူမှုကူညီရေးတွေပဲ လာရောက် ထောက်ပံ့ ပေးနေပါတယ်” ဟု ဆင်ဖြူကျွန်းတွင် ကူညီကယ်ဆယ်မှုများ ဆောင်ရွက်နေသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ထို့ပြင် မုန်တိုင်းဝင်ရောက်နေစဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့၏ စစ်ကြောင်းထိုး တိုက်ခိုက်မှုများကြောင့် ကနီမြို့နယ်နှင့် ခင်ဦးမြို့နယ်တို့မှ ဒေသခံများမှာ မုန်တိုင်းဘေးထက် စစ်ဘေးကို ပို၍ ထိတ်လန့်ခဲ့ ကြရသည်။

ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့ရှိပြည်သူများသည် မိုခါမုန်တိုင်းမဝင်ရောက်မီကပင် စစ်ဘေးကြောင့် နေအိမ်များဆုံးရှုံးထားရကာ
စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေကြရသော လူဦးရေ မှာ အများအပြားရှိနေသော ဒေသများဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ထုတ်ပြန်ချက်စာရင်းအင်းများအရ မိုခါမုန်တိုင်းကြောင့် သေဆုံးသူဦးရေ မှာ ရခိုင်ပြည်နယ်တွင် ၄၀၀ ဦးကျော်(အတည်ပြုဆဲ)၊ မကွေးတိုင်းတွင် ၁၅ ဦး၊ စစ်ကိုင်တိုင်းတွင် လေးဦး၊ ရှမ်းပြည်နယ်တွင် နှစ်ဦးနှင့် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီတို့တွင် တစ်ဦးစီဖြစ်ကြောင်း သိရသည်။

စာတည်း။      ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required