နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၁ မေ  ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၁ မေ  ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ

•    မိုခါ မုန်တိုင်းဒဏ်သင့် ပြည်သူများကို အာဆီယံက အကူအညီများပေးရာတွင် စစ်အာဏာရှင် အား တော်လှန်နေသည့် ဒေသများမှ ပြည်သူများထံ ကယ်ဆယ်ရေး ပစ္စည်းများ အချိုးညီညီ မရောက်မည်ကို စိုးရိမ်ကြောင်း နှင့် အာဆီယံအနေဖြင့် တရားမျှတစွာ ဆောင်ရွက်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာ ထောက်ထားရေး နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက တိုက်တွန်း ပြောကြားသည်။

•    တော်လှန်ရေးအင်အားစုများက အကြမ်းဖက်စစ်တပ်ကို လေကြောင်းတိုက်ခိုက်မှု ကျူးလွန်အောင် ဖန်တီးပေးသည့် လုပ်ရပ်များကို ရှောင်ရှားရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာ ထောက်ထားရေး နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန၊ ဒုဝန်ကြီး ဒေါက်တာ ငိုင်းတမ်မောင်းက ပြည်သူ့ပန်းတိုင် CDM ပြည်သူ့စစ်စကားဝိုင်းအစီအစဉ်တွင် ထည့်သွင်း ပြောကြားခဲ့သည်။

•    အကြမ်းဖက်စစ်ကောင်စီက လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပြည်သူဆီ မရောက်အောင် လုပ်ဆောင်နေသည်ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မေ ၁၉ ရက်က ကျင်းပပြုလုပ်သည့် ကုလအစည်းအဝေးတွင် တင်ပြခဲ့သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

•    စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီမှ ဦးဆောင်၍ မုံရွာလူထု သပိတ်ကော်မတီနှင့်အတူ ပူးပေါင်းကာ စစ်ကောင်စီတပ်များ တပ်စွဲထားသည့် နေရာ နှင့် မီတာ ၅၀ ခန့်အကွာ မုံရွာမြို့အဝင် အဝိုင်းပတ်နားတွင် “သာတူညီမျှတဲ့ လောက လူထုအားနဲ့ တိုက်ယူကြ”၊ “တော်လှန်ရေးသမားကို သေမိန့်ချရုံ နဲ့ တော်လှန်ရေးက သေမိန့်မကျဘူး ” စသည့် ဘန်နာ စာတန်း များ ကိုင်စွဲကာ ပြောက်ကျားသပိတ်စစ်ကြောင်းကို ယနေ့ မေ ၂၁ ရက်တွင် ချီတက်ကြွေးကြော် ခဲ့ကြောင်း သိရသည်။

•    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ယင်းမာပင်မြောက်ခြမ်း သပိတ်အင်အားစုက မေ ၂၁ ရက်၊ နံနက်ပိုင်းတွင် ချီတက်သပိတ်မှောက်ခဲ့ကြောင်း သိရသည်။

•    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က ၃ ရက်ဆက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

•    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်း ထိုး ဝင်ရောက်မှုကြောင့် မေ ၂၁ ရက်၊ နံနက်ပိုင်းက စတင်ပြီး ထွက်ပြေးတိမ်းရှောင် နေရသော ကားတစ်စီး တိမ်းမှောက်ပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ ၆ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း Wetlet Information Network မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

•    စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်တွင် ယမန်နေ့ မေ ၂၀ ရက်၊ ညနေပိုင်းက စစ်ကောင်စီ တပ်များ နှင့် PDF တပ်များအကြား တိုက်ပွဲ ပြင်းထန်ပြီး စစ်တပ်က တိုက်လေယာဉ်များဖြင့် ဗုံးကြဲသည့်အပြင် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း ဒေသခံ ပြည်သူများ နှင့် ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

•    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း နှင့် ကင်းပုန်းတို့ကို မေ ၁၉ ရက်၊ မွန်းလွဲပိုင်းက လက်နက်ကြီးပစ်ခတ်ပြီး ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်သား တစ်ဦး သေဆုံး ခဲ့ကြောင်း Black Wolf-ARMY တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

•    စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်တပ်ထုတ်ကုန်ငွေကျပ် သိန်း ၄၀၀ ကျော်တန်ဖိုးရှိ အရက်၊ ဘီယာများကို ဖမ်းဆီးပြီး ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့နယ် အခြေစိုက် ဒေသကာကွယ်ရေး တပ် များထံမှ သိရသည်။

•    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာနေ ပျူစောထီး ၃ ဦးကို မေ ၁၈ ရက်၊ ည ၁၁ နာရီခန့်က ဝင်ရောက်ဖမ်းဆီးစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ ၃ ဦးလုံး သေဆုံးသွားကြောင်း ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

•    စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ ကြောင်လည်၊ မံထွန်ရွာအနီးတွင် မေ ၂၀ ရက်က တိုက်ပွဲ   ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်က တိုက်လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးကြဲခဲ့ကြောင်း Banmauk Revolution –BR တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

•    စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံထားရသည့် တေးသံရှင် စောဖိုးခွား မေ ၂၀ ရက်က ပြန်လည်လွတ်မြောက်လာကြောင်း ၎င်း၏ မိသားစု အသိုင်းအဝိုင်းထံမှ သိရသည်။

•    မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသော ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တကောင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ က မေ ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။

•    ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ် သပိတ်အင်အားစုများ ဦးဆောင်ကာ “ပြည်သူရှိနေသ၍ ခုခံစစ်ဆိုတာ ရှိနေမယ် ဖက်ဆစ် စစ်တပ်မုချ ကျဆုံးရမည်” စာတန်းကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

•    တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာရွာရှိ ပြည်သူ့စစ်အဖွဲ့ကို မေ ၁၉ ရက်၊ ည ၁၀ နာရီခန့်က PDF တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီး အုပ်ချုပ်ရေးမှူးရုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

•    တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ဒေါင်းငူရပ်ကွက်နေထိုင်သူ ကိုကျော်သူရကို မေ ၁၅ ရက်က စစ်တပ်က ဖမ်းဆီးပြီး စစ်ကြောရေးတွင် သတ်ဖြတ်ကာ အလောင်းဖျောက်ဖျက်လိုက်ကြောင်း မိသားစုနှင့်နီးစပ်သူများက ပြောသည်။

•    တောင်ကိုရီးယားနိုင်ငံ၊ အူဆန်မြို့တွင် ကိုရီးယား-မြန်မာ ပူးပေါင်းကာ ယနေ့ မေ ၂၁ ရက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

•    တော်လှန်သူတို့ ကဗျာများ စုစည်းမှုအဖြစ် “မီးလျံကြားက နွေဦးခြေသံ” ကဗျာစာအုပ်များ ရောင်းချပြီး ရသော ငွေကျပ်သိန်း ၂၀ တိတိကို အထက်မင်းလှပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အရှိုချင်း ကာကွယ်ရေးတပ်ဖွဲ့ (ACDF) နှင့် Key Of Revolution အဖွဲ့များသို့ ထောက်ပံ့လှူဒါန်း နိုင်ခဲ့သည်ဟု နွေဦးခြေသံအဖွဲ့ထံမှ သိရသည်။

•    အညာဒေသက စစ်ဘေးရှောင်ပြညိသူများ နှင့် နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေဈေးရောင်းပွဲတော်ကို Support for Myanmar from Australia and Singapore အဖွဲ့မှ ဦးစီးကာ မေ ၂၁ ရက်တွင် ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ ကလေတန်ခန်းမတွင် ကျင်းပပြုလုပ်နေကြောင်း သိရသည်။
တိုင်းရင်းသား လက်နက်ကိုင်များ

•    ရှမ်းတော်လှန်ရေးမှာ ရည်မှန်းချက်ပန်းတိုင် အလှမ်းဝေးနေဆဲ ဖြစ်ပြီး အောင်ပွဲ မရ သေးသည့် အပေါ် တုန်လှုပ်မိသည်ဟု ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ် ကြီး ယွက်စစ်က ယနေ့ ကျရောက်သည့် ၆၅ နှစ်မြောက် ရှမ်းအမျိုးသား တော်လှန်ရေးနေ့ အခမ်း အနားကို ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

•    တိုင်းပြည်မငြိမ်သက်တာကို အခွင့်ကောင်းယူပြီး ဥပဒေနှင့် မလွတ်ကင်းတဲ့ စီးပွားရေးလုပ်ငန်းလုပ်ကိုင် သူ များပြားခြင်းနှင့် အစိုးရအဆက်ဆက်ကလည်း ယင်းလုပ်ငန်းများကို ထိန်းချုပ်နိုင်တာမရှိခဲ့၍ တော်လှန်ရေး သက်တမ်းရှည်နေတာဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

•    ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဌာနချုပ်တွင် ရှမ်းပြည်လက်နက်ကိုင် တော်လှန်ရေး ၆၅ နှစ်ပြည့် အခမ်းအနားကို မေ ၂၁ ရက်၊ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်ဟု SSPP က ထုတ်ပြန်ထားသည်။

•    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မောက်မယ်မြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စု၊ ဝမ်ခဲကျေးရွာတစ်ဝိုက်တွင် မေ ၂၁ ရက်၊ နံနက်ပိုင်းက RCSS နယ်မြေခံတပ်ဖွဲ့ဝင်များအား PNLO လက်အောက်ခံတပ်ဖွဲ့များ လာရောက်ချောင်းပစ်သည့်အတွက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု Hsan Loi Voice သတင်း ဌာန၏ ဖော်ပြချက်အရ သိရသည်။

•    မွန်ပြည်နယ်၊ ရေးမြို့နယ် မြောက်ပိုင်း ၊ ဝါဘသဲကျေးရွာအနီးတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာ၍ ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ် နှင့် စစ်ကောင်စီတပ်တို့ မေ ၁၉ ရက် နှင့် ၂၀ ရက်တို့တွင် နှစ်ရက်ဆက် တိုက်ပွဲ ဖြစ်ပွားနေကြောင်း ကျားဖြူစစ်ကြောင်း နှင့် ဒေသခံများထံမှ သိရသည်။

•    ကရင်နီ(ကယား) ပြည်နယ်တွင် ပြီးခဲ့သည့် မေ ၁၈ ရက်က စစ်ကောင်စီ နှင့် ဖြစ်ပွားသော တိုက်ပွဲတွင် ကျဆုံးခဲ့ရသည့် KNDF တပ်ရင်း ၉ ၏ ဒုတိယတပ်စုမှူး၏ ဈာပနကို မေ ၂၀ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ

•    မိုခါ မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ဒုတိယအကြိမ်အလှူရှင်များက လှူဒါန်းသည့် အလှူငွေ ပေးအပ်ပွဲကို မေ ၂၀ ရက်၊ နံနက်ပိုင်းက ရန်ကုန်တိုင်း စစ်ဌာနချုပ်တွင် ကျင်းပပြုလုပ်ရာ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် တက် ရောက် လက်ခံရယူခဲ့ပြီး လက်ရှိအချိန်ထိ အလှူငွေ ကျပ်ဘီလီယံ ၂၀ ကျော် ရရှိထားကြောင်း သိရသည်။

•    ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင် ကျေးရွာအနီးရှိ Korea-Myanmar Industrial Complex (KMIC) စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှု နှင့် အမျိုးသား ညီလာခံပြည်ထောင်စု ခန်းမ အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းထားရှိမှုများကို မေ ၂၀ ရက်၊ မွန်းလွဲပိုင်းက စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

•    မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ မိုခါ မုန်တိုင်းဒဏ်ခံစားခဲ့ရသည့် ဒေသများတွင် အသုံးပြုရန် ယွမ် ၁ သိန်း တန်ဖိုးရှိ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးပစ္စည်းများကို မေ ၂၀ ရက်က လှူဒါန်းခဲ့ရာ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် လက်ခံရယူခဲ့ကြောင်း သိရသည်။

•    မိုခါ မုန်တိုင်းဒဏ်သင့်ခဲ့သည့် ရခိုင်ဒေသတွင် လျှပ်စစ်မီးဖြန့်ဖြူးရေးပိုင်းများ ပျက်စီးခဲ့သည့်အတွက် ဓာတ်အားလိုင်းများ ပြန်လည်တည်ဆောက်ပြုပြင်နေစဉ် အတွင်း မီးစက်ဖြင့် မီးပေးသွားမည် ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း YESC ထံမှ သိရသည်။

•    စစ်ကောင်စီ ရွေးကောက်ပွဲ ကော်မရှင် ဒုညွှန်ချုပ်အား လုပ်ကြံသတ်ဖြတ်ခဲ့သည့် Yangon Revolution Force –YRF အဖွဲ့ဝင် ၁၀ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း စစ်ကောင်စီက ယမန်နေ့ညပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။

•    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ အာရှလမ်းမကြီးသို့ ချိတ်ဆက်ထားပြီး တပ်မ ၄၄ ဌာနချုပ်ကို သွားရောက်နိုင်သည့် အဓိကကျသည့် မြို့ပတ်လမ်းကျယ် တစ်လမ်းကို အကြမ်းဖက် စစ်တပ်က ဘက်ဟိုးများဖြင့် မေ ၂၀ ရက်၊ ညပိုင်းတွင် ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။

မေ ၂၁ ရက် သုံးသပ်ချက်

•    စစ်ကောင်စီသည် မုန်တိုင်းဘေးပြန်လည်ထူထောင်ရေး အကြောင်းပြပြီး ပြည်တွင်း ပြည်ပ အလှူငွေများကို ကောက်ခံနေသော်လည်း ယခုထက်တိုင် ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေမြို့တွင် ရှင်းလင်းရေးမလုပ်နိုင်သည်ကို တွေ့ရသည်။

•    RCSS ခေါင်းဆောင်ဗိုလ်ချုပ်ကြီးယွက်စစ်သည် ရှမ်းတော်လှန်ရေးမအောင်ဘဲ ကြာမြင့်နေ သည်ကို အကြောင်းပြချက်မျိုးစုံဖြင့် တခြားအဖွဲ့စည်းများကို ပြစ်တင်ဝေဖန်နေသော်လည်း ၎င်းကိုယ်တိုင်ကမူ တစ်နိုင်ငံလုံးပါဝင်ဆင်နွဲနေသည့် နွေဦးတော်လှန်ရေးတွင် မပါဝင်ဘဲ ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီနှင့် နီးနီးကပ်ကပ်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required