ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ်သင့် ကျေးရွာများ ထောက်ပံ့မှုအနည်းအကျဥ်း​သာ ရရှိ​သေး

By 001 (မဇ္စျိမ)
21 May 2023
ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ်သင့် ကျေးရွာများ ထောက်ပံ့မှုအနည်းအကျဥ်း​သာ ရရှိ​သေး

ရခိုင်ပြည်နယ်တွင် မုန်တိုင်းဒဏ်​ကြောင့် ဆိုးဆိုးရွားရွားထိခိုက်ခဲ့သည့် ​ကျေးရွာများမှာ လက်ရှိ အချိန်အထိ ​ထောက်ပံ့မှုအနည်းအကျဥ်း​လောက်သာရရှိ​​သေးပြီး စားနပ်ရိက္ခာနှင့် ​သောက်သုံး​ရေ အခက် အခဲများဖြစ်​ပေါ်​နေ​ကြောင်း ​မြေပြင်တွင် အကူအညီ​ပေး​နေသည့်အဖွဲ့များထံမှ သိရသည်။

လက်ရှိတွင် စားနပ်ရိက္ခာခက်ခဲ​နေ​သော​နေရာများ၌ စစ်​ကောင်စီ၏လှုပ်ရှားမှုများကို မ​တွေ့ရ​သေးသကဲ့ သို့ နိုင်ငံတကာနှင့်အရပ်ဘက်အဖွဲ့အစည်းများ၏ထောက်ပံ့မှုမှာလည်း အနည်းအကျဥ်းသာရရှိ​သေး​ကြောင်း ရခိုင်အရပ်ဘက်အဖွဲ့အစည်းများကွန်ရက်(CAN) မှ Coordinator ကိုခိုင်က​ပြောသည်။

“​​မြေပြင်​အောက်​ခြေကို ​ရောက်နိုင်တဲ့အ​နေအထား​တော့ မ​တွေ့ရ​သေးဘူး။ အဖွဲ့အစည်း​တွေ data assessment တို့ဘာတို့​ကောက်​နေတဲ့ အ​နေအထားပဲရှိ​သေးတယ်။ response က ​တော်​တော်​လေးနည်း တယ်​ပြောလို့ရတယ်။ ​နောက်ကျ​နေပြီ။ တော်​တော်​လေး ​နောက်ကျ​နေပြီ။ အရေး​ပေါ်လိုအပ်တဲ့အ​နေ အထားကို သေ​သေချာချာ​​ရောက်​အောင်လုပ်နိုင်တဲ့အ​နေအထား​တော့ ကျွန်​တော်တို့ သိပ်မ​တွေ့ရ​သေး ဘူး။ အခုသွားပြီး​​ပေး​နေတဲ့ ကျွန်​တော်တို့လိုအဖွဲ့အစည်း​တွေ၊ Local CSO​ တွေ သွား​ပေး​နေတဲ့ဟာ​​လေး တွေတော့ရှိတယ်။ ဒါ​ပေမဲ့ အဲ့ဒီဟာ​လေးနဲ့တော့ သိပ်​ပြောပလို့မရနိုင်​သေးတဲ့ အ​နေအထားလို့​ပြောလို့ရ တယ်” ဟု ဆိုသည်။

ဆိုင်ကလုန်းမုန်တိုင်းမိုခါ​ကြောင့် ရ​ခိုင်ပြည်နယ် ရ​သေ့​တောင်၊ ဘူးသီး​တောင်၊ ​မောင်​တော၊ စစ်​တွေ၊ ပုဏ္ဏားကျွန်း၊​ ကျောက်​တော်စသည့်မြို့နယ်တို့တွင် ထိခိုက်ပျက်စီးမှုများပြားခဲ့ပြီး ​မြောက်ဦးနှင့် မင်းပြား မြို့နယ်တို့တွင်လည်း မုန်တိုင်းဒဏ်ခံခဲ့ရ​ကြောင်း ရခိုင်အရပ်ဘက်အဖွဲ့အစည်းများကွန်ယက်(CAN) က​ပြောသည်။

စစ်​ကောင်စီကမူ မိုခါမုန်တိုင်းဒဏ်​ကြောင့် ထိခိုက်ပျက်စီးမှုများခဲ့သည့် ရခိုင်ပြည်နယ်တွင် ပြန်လည်ထူ​ထောင်​ရေးအတွက် ကျပ်သိန်း ၇၀,၀၀၀
​ထောက်ပံ့ထားသကဲ့သို့ အရန်ဆန် တန် ၃,၀၀၀ ကို စစ်သင်္ဘော၊ အရပ်ဘက်ကုန်တင်သင်္ဘောများဖြင့် ​ပေးပို့လျက်ရှိ​ကြောင်း ပြောဆိုထားသည်။

ထို့ပြင် ​မေလ ၁၈ ရက်​နေ့က အိန္ဒိယ​ရေတပ်မှ စစ်​ရေယာဥ်သုံးစီးဖြင့်တင်​ဆောင်လာသည့် ကူညီကယ် ဆယ်​ရေးပစ္စည်းများနှင့် စား​သောက်ဖွယ်ရာများကို ​မုန်တိုင်းသင့်​ဒေသများသို့ အမြန်ဆုံး​ရောက်ရှိ​စေ​ရေး ထိုနေ့ည​နေပိုင်းတွင် စစ်​လေယာဥ်ဖြင့် စစ်​တွေမြို့သို့ ဆက်လက်ပို့​ဆောင်ပြီး အမြန်ဆုံးဖြန့်​ဝေနိုင်​ရေး စီစဥ်​နေ​ကြောင်း ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ရ​သေ့​တောင်နှင့် ​ပေါက်​တောမြို့နယ်တို့ရှိ ကျေးရွာများအပါအဝင် မြို့နှင့်​ဝေးသည့် ကျေးရွာ များ၌ စားနပ်ရိက္ခာ၊ သောက်သုံး​ရေ၊ အမိုးအကာ လိုအပ်ချက်အခက်အခဲများရှိ​နေ​သော်လည်း မည်သည့် ထောက်ပံ့မှုမှမရရှိ​သေး​ကြောင်း မေတ္တာ​ရောင်ခြည်​ဖောင်​ဒေးရှင်းအဖွဲ့က​လည်း ပြောသည်။

“မြို့နဲ့​ဝေးတဲ့​နေရာ​တွေမှာ တအား အခက်အခဲဖြစ်တယ်။ ဆန်တို့ ဆီတို့ စား​သောက်ကုန်​တွေကိုလည်း လွယ်လင့်တကူ ဝယ်လို့မရဘူး။ သူတို့နဲ့က
အလှမ်း​ဝေးတယ်ဆို​တော့ ​တော်​တော်​လေး ဒုက္ခ​ရောက်တယ်။ အဲ့ဒီ​နေရာ​တွေကို​တော့ ကျွန်​တော်တို့ ​ဖောင်​ဒေးရှင်းအ​နေနဲ့ သွား​ရောက်လှူဒါန်း​နေတာရှိပါတယ်။(စစ်​ကောင်စီက) မြို့​ပေါ်မှာ​တော့ မုန်တိုင်းမဖြစ်ခင်က စခန်း​တွေကိုပတ်ပြီး ဆန်အိတ်​ပေးတာ​တော့ရှိတယ်။ အခု​တော့ ဘာမှ
မကြား​သေးဘူး”ဟု အဆိုပါ ဖောင်​ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“လက်ရှိတွင် မုန်တိုင်းဒဏ်ခံခဲ့ရသည့်​ကျေးရွာများတွင် ဝမ်း​ရောဂါစသည့် နောက်ဆက်တွဲ ကျန်းမာ​ရေး ပြဿနာများကို​တွေ့လာရပြီး အ​ခြေခံဆေးဝါးလိုအပ်ချက်လည်းရှိ​နေကြောင်း ​မြေပြင်တွင် ကူညီ​နေသည့် အဖွဲ့များက​ပြောသည်။

“အခု​နောက်ပိုင်းကြားတာ​တော့ ကန့်သတ်တာတို့ဘာတို့​ အများကြီးကြား​နေရတယ်။ ဆို​တော့ အထူး သဖြင့် နိုင်ငံတကာအဖွဲ့အစည်း​တွေအ​နေနဲ့​တော့ အဲ့ဒီအကျပ်အတည်းက အနည်းအများက​တော့ ရှိလာ မှာပါ။ အဲဒီလိုဆိုရင် အချိန်က ပိုပြီးကြာသွားနိုင်တယ်။ ဒီဟာက လူသားချင်းစာနာ​ထောက်ထားမှုဆို​တော့ နိုင်ငံ​​ရေး​တွေအများကြီးပါလာရင် လူ​တွေပိုပြီးဒုက္ခ​​​ရောက်မယ်” ဟု  ACN မှ Coordinator ကိုခိုင်ကဆို သည်။

မေလ ၁၄ ရက်​နေ့က တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းမိုခါ​ကြောင့် ရခိုင်ပြည်နယ်တွင် လူ ၁၄၅ ဦး​သေဆုံးခဲ့​ကြောင်း စစ်​ကောင်စီက ​မေလ ၁၉ ရက်​နေ့တွင် ထုတ်ပြန်ထားသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required