မုန်တိုင်းသင့်ပြည်သူများအတွက် အာဆီယံက အကူအညီများပို့ဆောင်

By မိုးသောက် မဲဆောက်(မဇ္ဈိမ)
21 May 2023
မုန်တိုင်းသင့်ပြည်သူများအတွက် အာဆီယံက အကူအညီများပို့ဆောင်

မိုခါဆိုင်ကလုန်းမုန်တိုင်း ဒဏ်သင့်သည့် မြန်မာပြည်သူများအတွက် အာဆီယံကထောက်ပံ့မည့် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို မေလ ၂၁ ရက်တွင် ကုန်စည်ပို့ဆောင်ရေးလေယာဉ်ဖြင့်  ပထမအကြိမ်ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း  အင်ဒိုနီးရှားနိုင်ငံအခြေစိုက်သတင်းဌာတစ်ခုဖြစ်သည့် The Star သတင်းဌာနကဖော်ပြသည်။

ရခိုင်ပြည်နယ်ကျောက်ဖြူနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇာကြား ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ရခိုင်ပြည်နယ်တွင်သေဆုံးသူ ရာနှင့်ချီရှိခဲ့သည်။

ထိုမုန်တိုင်းသင့် ပြည်သူများအတွက် စားနပ်ရိက္ခာနှင့်အကူအညီအထောက်အပံ့များ လိုအပ်နေကြောင်း စာရေးဆရာ ကိုဝေဟင်အောင်က မဇ္ဈိမသို့ပြောသည်။

“မြို့တွေထဲမှာ တစ်စုံတရစ်ာ ကုန်ပစ္စည်းတွေ ရှိတယ်လို့ပြောလို့ရတယ်။ အဓိကက နယ်တွေဘက်မှာဆိုရင် စားနပ်ရိက္ခာပါသွားတာ ကြားရတယ်။အထူးသဖြင့် သောက်ရေနဲ့သုံးရေ လုံးဝမရှိတော့ဘူးစစ်တွေမြို့အနီးနားတဝိုက်ကရွာတွေမှာလေ” ဟုပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ၎င်းကပြောသည်။

မြန်မာနိုင်ငံကို အကူအညီများပေးအပ်နိုင်ရန်အတွက်  အာဆီယံလူသားချင်းစာနာမှု အကူအညီပေးရေးစင်တာ (AHA Centre) အမှုဆောင် ညွှန်ကြားရေးမှူး နှင့် အင်ဒိုနီးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနိုင်ငံများမှ ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံကို ရောက်ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။

မေလ ၂၂ရက် နှင့် ၂၃ ရက်တို့တွင်လည်း   မလေးရှား၊ အင်ဒိုးနီးရှားနှင့် ထိုင်းနိုင်ငံတို့က စစ်သုံးလေယာဉ်များဖြင့် နောက်ထပ် အထောက်အပံ့များ ပေးပို့ရန် စီစဉ်ထားသည်ဟု The Starသတင်းတွင်ဖော်ပြသည်။

မြန်မာနိုင်ငံမှ မုန်တိုင်းဒဏ်သင့် ပြည်သူများအား အကူအညီပေးထောက်ပံ့မည့် ပစ္စည်းများကို မလေးရှားနိုင်ငံနှင့်ထိုင်းနိုင်ငံက အာဆီယံအဖွဲ့၏ ပစ္စည်းသိုလှောင်ရုံများတွင်  အဆင်သင့်ထားရှိကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

မြန်မာနိုင်ငံသို့ စစ်သုံးလေယာဉ်များကို အသုံးပြုပြီး အထောက်အပံ့များ ပေးပို့ခြင်းကို  အာဆီယံ လူသားချင်းစာနာမှုနှင့် သဘာ၀ဘေးအန္တရာယ် ကယ်ဆယ်ရေးဆိုင်ရာ အာဆီယံ စစ်ဘက်အဆင်သင့်အဖွဲ့(the Asean Military Ready Group on Humanitarian Assistance and Disaster Relief)၏ ညှိနှိုင်းမှုဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။

စာတည်း ။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required